Friday, November 29, 2013

မြိုလူမျိုး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာရန် မြို (ခ) ခမီး ညီညွှတ်ရေးအဖွဲ့ ကြိုးပမ်းမည်


ရခိုင်ပြည်နယ်အတွင်း အများဆုံးနေထိုင်သော မြိုလူများကို ကိုယ်စားပြုနိုင်မည့် မြိုတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာရန်အတွက် စစ်တမ်းကောက်ယူမှုများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းထိ နောက်ဆုံးထားကောက်ယူသွားမည်ဟု မြို (ခ) ခမီး ညီညွှတ်ရေးအဖွဲ့ မှ အတွင်းရေးမှူး ဦးစိန်သာထွန်း က မဇ္ဈိမကို ပြောကြားသည်။
ရန်ကုန်မြို့၊ ၃၆ လမ်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့် မြိုလူများနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူမည့်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးစိန်သာထွန်းက အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

"အမတ်မရှိတဲ့ အတွက် အခွင့်ရေးဆုံးရှုံးမှုတွေရှိနေတယ်။ မြိုစာပေနဲ့ ယဉ်ကျေးမှု မြိုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေဆုံးရှုံးကြတာတွေရှိတယ်။ နောက်ပြီး မြို လူမျိုး၊ခမီးလူမျိုးဆိုပြီး မှတ်ပုံတင်လုပ်တဲ့အခါ ရခိုင်ဆိုပြီးဖြစ်သွားကြတာတွေများတယ်"ဟု မြိုလူမျိုးများ အမည်ပျောက်ဆုံးနေရခြင်းကို ဦးစိန်သာထွန်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် မြို လူမျိုးအမည်သည် ခမီး လူမျိုးအမည်အဖြစ်ပြောင်းလဲလာသော်လည်း အမှန်တကယ်တွင် ခမီးလူမျိုးများနှင့် အတူတူဖြစ်သည်ဟု မြို(ခ) ခမီး ညီညွတ်ရေးအဖွဲ့က ဆိုသည်။
စစ်တမ်းကောက်ယူပြီးပါက နိုင်ငံတော်သမ္မတနှင့် သန်းခေါင်စာရင်းကောက်ယူသည့် ဌာနများသို့ ပေးပို့သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြိုလူမျိုးများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်အရွေးခံနိုင်ရန် မြို (ခ) ခမီး ညီညွတ်ရေးအဖွဲ့က စီစဉ်ထားသည်။
လတ်တလောအခြေအနေအရ ရခိုင်ပြည်နယ်တွင်းရှိ မြို(ခ) ခမီး တိုင်းရင်းသားလူမျိုးများ၏ အရေအတွက်ကို မသိရှိရသေးဘဲ မြို လူမျိုးများသည် ၁၉၃၁ ခုနှစ်သန်းခေါင်းစာရင်းစစ်တမ်းများ အရ ၁၃၇၆၆ ရှိခဲ့သည်ဟု ညီညွတ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
မြို လူငယ် တစ်ဦးဖြစ်သည့် ကိုကျော်ကြီး က "မြိုဖြစ်နေပေမဲ့ မှတ်ပုံတင်သန်းခေါင်စာရင်းမှာ ရခိုင်ပဲဖြစ်နေတဲ့တာမျိုးတွေ မလိုချင်ပါဘူး။ ဒါဟာရခိုင်လူမျိုးကို စော်ကားတာတော့မဟုတ်ဘူး။ မြိုလူမျိုးဆိုတာ ရှိတယ်လို့ သိစေချင်တာပါ" ဟု ရှင်းပြသည်။
မြိုလူမျိုးများသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်းတော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း ၊ မင်းပြား၊ ဘူးသီးတောင် ၊ အမ်းမြို့နယ်များတွင် အများဆုံးနေထိုင်ကြပြီး ချင်းပြည်နယ်တွင်လည်းနေထိုင်ကြသည်။

 Written by  ဖိုစိုးသူ 

  မဇ္ဈိမသတင်း

soe naung fb မှ ပြန်လည်ဖေါ်ပြသည်။

No comments :

Post a Comment