Tuesday, April 9, 2013

မြို(ခေါ်)ခမိ လူမျိုးတို့၏ နောက်ခံသမိုင်း (၄)


          မြို့မင်းကြီး ခုနောင်တိန်းကို ရခိုင်ရာဇဝင်များ၌  မြိုမင်းကြီး ငတိန်ကာ (ငတိန်း)” ဟူ၍ ဖော်ပြကြသည်။ ရခိုင်ရာဇဝင်လာ ငတိန်း၏သားတော် ငတန်သည် သက်ရှင်ဘုရင် ဝရသိဒ္ဓိ၏ သမီးတော် ဣုန္ဒမာလာကို ခိုးယူပြီး ထွက်ပြေးခဲ့ကြောင်း၊ ၎င်းတို့မှ မွေးဖွါးသော ငဆန္ဒန်၊ ပလက်ကောက်၊ ပက္ကစီ၊ ငရက္ခိုက် ညီအစ်ကိုတို့သည် အစိမ်းစာကြ၍ ဝေသာလီအားနှောက်ယှက်သဖြင့် မာရယုမင်းသည် ဦးရီးတော်များဖြစ်သည့် ထိုရန်ကို နှိမ်နင်းခဲ့ရကြောင်း ဖော်ပြပါရှိပါသည်။

          စာတမ်း၏ အထက်တစ်နေရာတွင် ရှေးက မဇ္စိုမသားတို့သည်မြိုလူမျိုးများကိုမျောက်လူမျိုးဟူ၍ခေါ်ဝေါ်ခဲ့ကြောင်း သိနိုင်ပါသည်။ မျောက်နှင့် ပတ်သက်သည့် အရေးအသားများကို ရခိုင်ရာဇဝင်ကျမ်းတို့၌ ဖော်ပြခြင်း ရှိမရှိ လေ့လာကြည့်သောအခါ အောက်ပါကောက်နှုတ်ချက်ကို တွေ့ရပါသည်။
          ..ထိုအခါ ဟိမဝန္တာတောဝယ် မျောက်ဖိုနှင့်ဆတ်မ ကျင်လည်ကြ၍ နေကြစဉ် တွင် လေမုန်တိုင်း       ထလျက် မိုးသည်းထန်စွာ ရွာသည်ရှိသော် မှီခိုနေကြသော ပညောင်ပင်၊ သဖန်းပင် တို့သည် လဲ၍      ရေထဲသို့ကျပြီးလျှင် ကစ္ဆပနဒီမြစ်ညာမှ အစဉ်အတိုင်း မျောလတ်သည်ရှိသော် သေလာဂီရိအမည် ရှိသော ကျောက်တော်တောင်ခြေရင်းဝယ် တင်လေ၏။ ထိုအခါ  မျောက်ဖိုနှင့်ဆတ်မသည်          တောသို့ဝင်၍ ကာလကြာမြင့်စွာ ပေါင်းသင်းဆက်ဆံပြီး နေကြလေလျှင်           သားသမီးသုံးကျိပ်နှစ်ယောက် မွေးဖွားလေ၏။ ထိုသားသမီးတို့တွင် အချို့ကား        ဘီလူးဖြစ်သတည်း။ 1
          အထက်ပါ ဖော်ပြချက်၌  မျောက်ဖိုအပြင် ဆတ်ပဟူ၍လည်း ပါလာပါသည်။ မျောက်ဖိုနှင့် ဆတ်မတို့ ဆက်နွယ်ပတ်သက်မှုအရ ငဆန္ဒန် ဘီလူးဖြစ်လာသည်။ ထိုဘီလူးရန်ကြောင့် ဝေသာလီပြည့်ရှင် ဗြဟ္မဒ္ဓိ နတ်ရွာလားရသည့် အကြောင်း ရာဇဝင်အမှတ်အသားများ ရှိပါသည်။ဆတ်မဟူသော ဝေါဟာရ၏ ရှင်းတမ်းကို ရှာကြည့်သောအခါ သကျသာကီဝံသကို အိန္ဒိယသံဖတ်လျှင်ဆတ်သယ၊ ဆာကိဝံသ်ဟုအသံထွက်သည်။ 2
          သကျကို သက်လူမျိုးတို့၏ အခေါ်အားဖြင့်ဆတ်ကယဟု ပြောဆိုကြလေသောကြောင့် ငါတို့ကားဆတ်လူမျိုးဟူ၍လည်းကောင်း၊ သက်လူမျိုးဟူ၍လည်းကောင်း ခေါ်ရိုးခေါ်စဉ် ရှိကြ၏။ ဟူ၍ တွေ့ရပါသည်။  3 တဖန်သကျဟူသော စကားမှာ မြန်မာအသံဖြစ်၍ အိန္ဒိယသံနှင့်ဖတ်လျှင် (ဆက) ဟူ၍ ဖတ်ရပါသည်။ (ဆကျ) မှဆတ်ဖြစ်လာ၍ ရခိုင်အသံနှင့်ဆတ်ဟူ၍ အသံအနည်းငယ် ရွေ့လျောလာခဲ့ပါသည်။ ယင်းကြောင့်လည်း ဣန္မမာယုကို ဆတ်ဟုပြောရခြင်း ဖြစ်ပါသည်။ တိရစ္ဆာန်မဟုတ်ပါ ဟူ၍လည်း တွေ့ရပါသည်။ 4 အထက်ပါဖော်ပြချက်အရ “မျောက်ဖို” သည် “မြို” အမျိုးသားဖြစ်လာ၍ “ဆတ်မ” သည် “သက်” အမျိုးသမီးဖြစ်လာပါသည်။ “မြို” အမျိုးသားနှင့် “သက်” အမျိုးသမီးတို့မှ မွေးဖွါးလာသောသားသမီး (၃၂) ယောက်အနက် အချို့ကား ဘီလူးဖြစ်လေသည်ဟူသောစကား၌ သဘာဝယုတ္တိအရ စဉ်းစားဖွယ် ဖြစ်ပါသည်။ ထိုအခါ “မျောက်” နှင့် “ဆတ်မ” ဟူသော အယူအဆ၏ အရည်ညွန်းခံသည် လူသားစင်စစ်ဖြစ်ပါလျက် ဘီလူးတို့မွေးဖွါးလာရသည်ဟူသောစကားမှာ စောဒကတက်စရာဖြစ်ပါသည်။  ထို့ကြောင့် ဘီလူး၏ အရည်ညွန်းခံကို ဆက်လက် ရှာဖွေလေ့လာကြည့်သောအခါ အောက်ပါအချက်များကို တွေ့ရပါသည်။
          ..ဤဒေသတွင် သမိုင်းမတင်မီ ခေတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသမှာကဲ့သို့ပင်        ဘီလူးဟုသိနေကြသော သြစတြလွိုက် လူမျိုးနွယ်ဝင်များ နေထိုင်ခဲ့ကြဟန်တူပေသည်… 5 ထိုကြောင့် “ဘီလူး” ၏ အရည်ညွန်းခံ “သြစတြလွိုက်” လူမျိုးနွယ်ဝင်များ ဖြစ်နိုင်သည်ဟူသော အချက်ကို ရလာပါသည်။ ရခိုင်ဝေသာလီမြို့အား ဖျက်ဆီးနှေုာက်ယှက်သော ရက္ခိုက်ဘီလူးတို့၏ ရန်ဆူးရန်ငြောင့် ဆိုသည်မှာလည်း “သြစတြလွိုက်” လူမျိုးနွယ်ဝင်တို့၏ ရန်ဆူးရန်ငြောင့်ဟု ယူဆရန် ဖြစ်လာပါသည်။
          အထက်ပါယူဆချက်များကို ခိုင်လုံစေသော အထောက်အထားကို ဆက်လက်ရှာဖွေသောအခါ ကောက်နှုတ်ချက်အချို့ကို တွေ့ရပါသည်။
          ဣန္ဒမာယုသ သကျသာကီဝင် အမျိုသမီးမှ မွေးဖွားလာသော မာရယုသည် အရွယ်ရောက်လတ်သောအခါ ရန်ဆူးရန်ငြောင့်ဟူသမျှကို သုတ်သင်ရှင်းလင်းရန် “ဓညဝတီ” မြို့တော်ကို  တည်ထောင်ဖန်ဆင်း မင်းမူလေ၏။ ရန်ဆူရန်ငြောင့်မှာ ဘီလူးရန် ဖြစ်သည်ဟု ရာဇဝင်ဆရာများက ဆိုကြ၏။ သားစိမ်းစား၊ ငါးစိမ်းစားများ ဖြစ်ကြသဖြင့် ဘီလူးရန်ဟူ၍ ခေါ်ကြရသည်ပင်။ အလွန်ရှေးကျသော ခေတ်မှာ မီးကို ရှာမတွေ့ခင် ကမ္ဘာအနှံ့အပြားရှိနေခဲ့ကြသူများသည် သားစိမ်း ငါးစိမ်းများကို စားခဲ့ကြ၏။ ယင်းကဲ့သို့သော လူတစ်စုကို မာရယု နှိမ်နင်းတော်မူရသည်ဟူ၍သာ မှတ်ယူစဖွယ်ရှိသည်။ 6 ထို့ကြောင့် “မြို” အမျိုးသားနှင့် “သက်” အမျိုးသမီးတို့ပေါင်းဖက်ရာမှ မွေးဖွားလာသူများသည် “လူ” များသာ ဖြစ်သည်ဟူသော အယူအဆမှာ အတော်အတန် ခိုင်လုံပြီဟု ဆိုနိုင်ပါသည်။ အခြေပြမြန်မာနိုင်ငံရေး သမိုင်းလာ ဖော်ပြချက်အရ “သြစတြလွိုက်” လူမျိုးနွယ်များသည် လည်းကောင်း၊ ရခိုင်ရာဇဝင်လာ “အစိမ်းစားလူတစ်စုသည်” လည်းကောင်း “ဘီလူး” ဟူသည့်အယူအဆကို ပယ်ဖျက်စေပါသည်။ သို့ရာတွင် “သြစတြလွိုက်” လူမျိုးနွယ်များဟု ဖော်ပြချက်နှင့် “သားစိမ်း ငါးစိမ်းစား လူတစ်စု” ဟူ၍ ဖော်ပြချက်သည် သက်ရောက်မှုအနက် အကျယ်အကျဉ်း ဖြစ်နေရသည်။ ဝေသာလီအား နှောက်ယှက်ဖျက်ဆီးသူများသည် “လူမျိုးနွယ်လား” (သို့) “လူတစ်စုလား” ဟူသည့် မေးခွန်းအတွက် အဖြေရှာရန် ဖြစ်လာပါသည်။ ထိုသို့ ရှာဖွေသောအခါ မာရယုရာဇဝံသ အကျဉ်းချုပ်၌ ကောက်နှုတ်ချက်တစ်ချို့ ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။
          ကုလားတန်မြစ်ဖျား၌ “မြို” မင်း၊ မြုံမင်း၊ ပလံမင်း၊ သက်မင်း တို့သည် ဘိုးတော် အဉ္စနမင်းကြီး၏       ဏ. ဝ. စန္ဒေ ကိန်းဟုဆိုအပ်သော ၈၆၄၅ ကို ၅၉၀၀ ခေတ်တုန်းက “မြို” မင်းကြီးငတိန်ကာ၌      ငတန်ဟူသော သားတစ်ယောက်ရှိလေသည်။ ထိုသားသည် ဆင်တစ်ကောင်ကဲ့သို့ အားရှိ၏      လေးအတတ်၌ အလွန်ကျွမ်းကျင်၏ ငတန်သည် သက်မင်းကြီး ဝရသိဒ္ဓိ၏ သမီးတော် ဣန္ဒမာလကို           အလွန် နှစ်သက်တော်မှု၏။ ဣန္ဒမာလကို ရယူရန်အတွက် သက်မင်းကြီးထံ တောင်းခံသော်လည်း           သက်မင်းကြီးက ဇာတ်ညံ့သူဖြစ်၍ သမီးကိုမပေးလိုကြောင်း အတန်တန် ငြင်းဆိုခဲ့၏။ တစ်နေ့သ၌     ဣန္ဒမာလတို့ ရေချိုးသွားစဉ် လမ်းက ဖမ်း၍ အတင်းထမ်းပြေးလေ၏။ အခြွေအရံတို့က     ကူညီကြသောလည်း အားချင်းမမျှ၍ ဣန္ဒမာလမှာ ပါသွားရရှာလေသည်။ ငတန်တို့ လင်မယားသည် “မြို” တောင်သို့လည်းမပြေး၊ သက်တောင်မှာလည်း မနေ၊ ရခိုင်ပြည်ဘက်သို့သာ           ပြေးကြလေသည်။ ငတန်သည် အစိမ်းစား ဝါသနာပါ၏။ လူနှင့်မနီးသော တောကြီးထဲ၌       မယားကိုယူ၍ ပြေးလာစဉ် အိုးမပါ မီးမရှိသဖြင့် သမင်၊ ဒရယ်၊ ဂျီငယ်၊ စိုင်ဆတ်၊ ဖွတ်ပဒတ်တို့ကို        သတ်ဖြတ်၍ အစိမ်းပင်စားလေကုန်၏။ သူတို့သည် ရခိုင်ပြည် ကျောက်တော်တောင်၏ အနီးမှာ         နေကြလေသည်။ 7
          ထိုစဉ်အခါက ဣန္ဒမာလ သက် (ဝါ) ဆတ်ကယမလေးကို ငတန်မြိုမင်းကြီး၏သား ဗန္ဓရဇာတိက ယူပြေးသည်ကို စွဲ၍ ဆတ်မကို ဗန္ဓဇာတိ ယူပြေးသည်ဟု အစရှိသည်ကို ရခိုင်ရာဇဝင်အချို့၌ ဆတ်မ ဗန္ဓရကို ဘာသာပြန်ထားသဖြင့် မျောက်ယူပြေးသည်ဟု အရေးအသား ဖြစ်ကြလေသည်။ အချို့သော ရခိုင်ရာဇဝင်မှာ ဆတ်မတစ်ကောင်နှင့် မျောက်တစ်ကောင်သည် ဟိမဝန္တာမှ ကုလားတန်မြစ်အတိုင်း ရေနှင့် မျောပါလာရာ ကျောက်တော်တောင် အပါးမှာ ဆတ်နှင့်မျောက် သင့်မြတ်ကြသည်ဟု ရေးသားကြပေသည်။ ထိုသို့ ရေးသားခြင်းသည် သက်ရာဇဝင်ကို မသိ၍ ရေးသားဟန် တူလေသည်။ စင်စစ်မှာ “မြို” မင်းကြီးသား ငတန်သည် သကျသာကီဝင်အမျိုးဖြစ်သော ဣန္ဒမာလမည်သော “သက်” မလေးကို (သို့) ဆတ်ကယမလေးကို ယူခြင်းသာဖြစ်လေသည်။ သူတို့လင်မယားသည် ကျောက်တော်တောင်နား၌ နေလျက်ပင် (၁၆) ကြိမ် မွေး၏ တစ်ကြိမ်မွေးလျှင် အမွှာပူး နှစ်ယောက်စီ မွေးသောကြောင့် (၃၂) ယောက်ဖြစ်လေသည်။ ဤသို့ (၃၂) ယောက် မွေးခြင်း ရာဇဝင်များ၌ လည်းကောင်း၊ ပိဋကတ်တော်များ၌ လည်းကောင်း  ထင်ရှားသည်ကား သာဝတ္တိပြည် ဗန္ဓုလ စစ်သူကြီး၏ မယား (၁၆) ကြိမ်မွေးသဖြင့် သားသမီး (၃၂) ယောက်ရှိကြောင်း၊ ဗြဟ္မဒတ်မင်းကြီး၏ မိဖုရား ဝိရာမည်သော မိဖုရား၌လည်း အစုံအစုံ ၁၆ ကြမ်မွေးသဖြင့် သားသမီး (၃၂) ယောက်ရှိသည်အဆိုရှိသည်။ ဣန္ဒမာလ၏ သားသမီး (၃၂) ယောက်တို့တွင် အချို့သော သားသမီးတို့သည် မိခင် ဣန္ဒမာလကဲ့သို့ အကျက်စား ဝါသနာမပါဘဲ ဖခင်ငတန်ကဲ့သို့ အစိမ်းစား ဝါသနာပါကြလေ၏။ 8 ဤအချက်ကို နှောင်းခေတ်ရေးရာဇဝင်များ၌ တစ်ညီတည်း ရေးသားဖော်ပြကြပါသည်။ ရာဇဝင်ကျမ်းများ၏ ရေးသားဖော်ပြချက်အရ ငတန်နှင့် ဣန္ဒမာလတို့မှ မွေးသော အစိမ်းစား ဝါသနာပါသည့် ညီအစ်ကိုလေးဦးမှာ ငဆန္ဒန်၊ ပလက်ကောက်၊ ပက္ကမိ၊ ငရက္ခိုက် တို့ဖြစ်ကြပြီး ထိုညီနောင်လေးဦးတို့သည် နယ်စွန်တောဖျား၌ လူဖမ်းစား၍ ဆိုးသွမ်းသောင်းကျန်း ကြလေသည်။ 9 ထိုအကြောင်းကို ဝေသာလီပြည်ရှင် ဗြဟ္မသိဒ္ဓိကြားသိတော်မူ၍ ထိုရန်ကို နှိမ်နင်းရန် အလို့ငှာ နောက်လိုက် တစ်ထောင်နှင့် ဆင်စီး၍ ထွက်လားကြောင်း၊ ထိုလူအပေါင်းတို့ကို မြင်လျှင် ငဆန္ဒန်သည် လုံးပတ်သုံးထွာရှိ၍ အရှည်တစ်ဆယ့်ရှစ်တောင်ရှိသော သစ်သားတုတ်ဖြင့် တောထဲမှ ဆင်၏ အဟုန်ကဲ့သို့ လိုက်သောကြောင့် ဗြဟ္မသိန္ဒိမင်း၏ နောက်လိုက်များသည် ပရမ်းပတာ ထွက်ပြေးကြပြီး ဗြဟ္မသိန္ဒိ ဘုရင်ကိုမူ ငဆန္ဒန် ဖမ်း၍ စားပစ်လိုက်ကြောင်း ဖော်ပြပါရှိသည်။
          ငဆန္ဒန်တို့၏ သောင်းကျန်းမှုကြောင့် ဝေသာလိပြည်ကြီး အလွန်တုန်လှုပ် ခြောက်ခြား၍ နေချိန်၌ မာရယုမင်းသားသည် သတင်းအရ ဖခင်ငအောင်လာနှင့် တကွ “မြို” နောက်ပါသူငယ်ချင်းများ စုရုံးပြီး လူသားစားသော သူ၏ ဦးရီးတော် ငဆန္ဒန်၊ ပလက်ကောက်၊ ပက္ကမိ၊ ငရက္ခိုက်တို့ကို  လေးနှင့် ပစ်ခွင်း၍ အကုန်သတ်လိုက်သည်ဟု ဆိုသည်။ ထိုရန်ကို နှိမ်နင်းပြီးနောက် မာရယုမင်းသားသည် ဗြဟ္မသိဒ္ဓိဘုရင်၏ ယောက္ခမအရာ၌ ထားပြီးလျှင် သမီးတော် ရုစီမာလာကို မိဖုရားမြှောက်၍ ဝေသာလီမြို့၌ မင်းအဖြစ်ကို ၅၉၉၅ ခုနှစ်တွင် ခံယူလေသည်။ 10 မာရယုမင်းသားသည် ဝေသာလီ၌ မပျော်ပိုက်၍ ဓညဝတီမြိုသစ်ကို တည်ထောင်ပြီး အိမ်နိမ့် ၁၈-နှစ်၊ နန်းစံ ၆၂-နှစ်၊ သက်တော် ၈၀ နေ၍ နတ်ရွာစံတော်မူလေသည်။

1. (က) ဉာဏ၊ ရမ်းဗြဲ အထက်တောင်ကျောင်း ဆရာတော်၊ ဦး၊ “ဓညဝတီ ရာဇဝင်သစ်” ၊ ရန်ကုန်၊ ဟံသာဝတီ ပုနှိပ်တိုက် ၁၃၆၁ ၊ စာ- ၂၆၊၂၇ (နောင်ကိုးကားလျှင် ဉာဏ၊ ဓညဝတီသစ် ဟု ဖော်ပြပါမည်)
    (ခ) ဓညဝတီ အောင်ဇေယျ (မြောက်ဦး)၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ ၄၆
2. အရှင်ကေသာရ၊ “မာရယုနှင့် ဗေဒါရာဇဝင်ရှင်းတမ်း” ၊ ရန်ကုန်၊ ဒီမိုကရေစီ ပုံနှိပ်တိုက်၊ ၁၃၇၁ ၊ ပြာသိုလ၊ စာ-၅ (နောင်ကိုးကားလျှင်၊ ကေသာရ၊ ဗေဒါရှင်းတမ်း ဟု ဖော်ပြပါမည်)
3. ကေသာရဗေဒါရှင်းတမ်း၊ စာ-၆
4. (က)အောင်သာဦး၊ ရခိုင်ရာဇဝင်၊ ရန်ကုန်၊ မြရတနာ ပုနှိပ်တိုက်၊ ၁၉၅၆ ၊ စာ-၂ (နောင်ကိုးကားလျှင်၊ အောင်သာဦး ရခိုင်ရာဇဝင်ဟု ဖော်ပြပါမည်)
    (ခ)ဓညဝတီ အောင်ဇေယျ (မြောက်ဦး)၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ- ၄၈၊၄၉
5. အခြေပြမြန်မာနိုင်ငံရေးသမိုင်း၊ စာ- ၁၉၄
6. အောင်သာဦးရခိုင်ရာဇဝင်၊ စာ -၃
7. ကေသာရ၊ ဗေဒါရှင်းတမ်း၊ စာ-၆
8. ကေသာရ၊ ဗေဒါရှင်းတမ်း၊ စာ-၁၆၊ ၁၇
9. (က)သာထွန်းအောင်၊ “ရခိုင်မဟာရာဇဝင်တော်ကြီး” ၊ ရခိုင်ပြည်၊ မြို့ဟောင်း၊ သတင်းစာ ပုံနှိပ်တိုက်၊      ၁၂၈၈ (၁၉၂၇) စာ-၄ (နောင်ကိုးကားလျှင်၊ သာထွန်းအောင်၊ ရာဇဝင်တော်ကြီး ဟု ဖော်ပြပါမည်)
    (ခ)မာန်အောင်ပီယ၊ “ရခိုင်သာစွလေ”၊ ရန်ကုန်၊ တိုင်းလင်း ပုံနှိပ်တိုက်၊ ၁၉၆၀
    (ဂ) မဟိန္ဒြစကြာ (ပွဲကျောင်း)၊ “အဉ္စနရသေ့နှင့် ဝေသာလီမာရယု” ၊ “ရဲကြေးမုံ မဂ္ဂဇင်း”၊ အမှတ် (၅၁) ၊  ရန်ကုန်၊ လာဘ်မိုးစွေ စာပေ၊ ၂၀၀၆၊ စာ-၅၂
10. ရခိုင်မဟာရာဇဝင်တော်ကြီး ၊ ဓညဝတီ ရာဇဝင်သစ်နှင့် ရခိုင်သာစွလေ၊ ရက္ခပူရ ကြေးမုံကျမ်းများတွင် “မြို” မင်းကြီး ငအောင်လာ၏ သမီး မိပိန်ညာကိုလည်း မိဖုရားမြှောက်သည်။ မာရယုမင်းသားသည် ရုစိမာလာလည်းတစ်ယောက်၊ မိပိန်ညာလည်းတစ်ယောက် မိဖုရားမြှောက်၍ ဓညဝတီကို တည်ထောင်သည်ဟု ဖော်ပြပါသည်။

ဒေါက်တာ ကျော်သိန်း(မြောက်ဦး)
နည်းပြ၊ သမိုင်းဌာန
ရန်ကုန်တက္ကသိုလ်
ရန်ကုန်မြို့။
၉.၁၂.၂၀၀၉
(၁-၃-၂၀၀၁၀ တွင် လ/ထ ကထိက ရာထူးတိုးပြီး ၂၆-၇-၂၀၁၀ တွင်ကွယ်လွန်သည်)

No comments :

Post a Comment