Saturday, April 20, 2013

မြို(ခေါ်)ခမီ လူမျိုးတို့၏နောက်ခံသမိုင်း (နောက်ဆုံးပိုဒ်)

          သို့ဖြစ်ရာ ထိုကာလများအတွင်း၌မြိုလူမျိုးများ ရှိနေခြင်းကြောင့် မြို့ပြနိုင်ငံထူထောင်နိုင် ခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကံရာဇာကြီးသည် ကျောက်ပန်းတောင်းမြို့၌ နန်းသက် ၂၄- နှစ်မျှ၊ စိုးစံခဲ့ရာ ဆယ်စုနှစ် နှစ်စုမျှ ဖြတ်သန်းရသောကာလ၌ ထိုဒေသဝန်းကျင်၏ အဆင်ပြေညီညွတ်စေသည့် အကြောင်းတရားများ ပံ့ပိုးမူများစွာ ပါဝင်နိုင်ပေသည်။
စင်စစ် ပထမမြိုမင်းကြီး ငတိန်ကာ (ခုနောန်တိန်း) သားတော်များသည် ကျောက်ပန်းတောင်း ပတ်ဝန်းကျင်တွင် မြို့ရွာ တည်ထောင်၍ အုပ်စိုးရင်းရှိသဖြင့် ကံရာဇာကြီးသည် ကျောက်ပန်းတောင်းမြို့ကို သာယာကြီးမြင့်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိပါသည်။
          ရခိုင်ရာဇဝင်များတွင်မြိုမင်းဆက်အကြောင်းကို  အောက်ပါအတိုင်း ဖော်ပြထားပါသည်။ ထို စူဠစန္ဒါရားမင်းလွန်တော်မူလေလျှင် ဝေသာလီကျောက်လှေကားမြို့ဝယ် ကြွင်းကျန်ရစ်သော မှူးတော်မတ်တော်တို့သည် စန္ဒာဒေဝီ မိဖုရားနှင့် တိုင်ပင်တော်မူကြလျက် မိဖုရားသည်
          အမတ်တို့သင်တို့ အရှင်ဖြစ်သော မင်းကြီးသည် တကောင်သင်းတွဲပြည်သို့ သွားခါနီး၌       မှာတော်မူခဲ့လေသည်။ အဘယ်သို့ မှာတော်မူခဲ့သနည်းဟူမူကား၊ မိဖုရား….ငါသည်         သမုဒ္ဒရာခရီးဖြင့် သင်းတွဲပြည်သို့ ကြွသွားတော်မူပေအံ့၊ သမုဒ္ဒရာခရီးသည်                  အလွန်ဘေးရန်များလေသောကြောင့် ငါပြန်မရောက်ခဲ့သည်ရှိသော် ဤလက်စွပ်နှင့်           တန်သောသူကို မင်းပြုရစ်ပေတော့ဟု မှာတော်မူခဲ့လေသတည်း………..
          ဤသို့မှာတော်မူခဲ့သည့်အတိုင်း လက်စွပ်နှင့် တန်သောသူကို ရှာကြလော့ဟု ပြောကြားလေလျှင် အမတ်တို့သည် မင်းကြီး၏ တူဖြစ်သော စန္ဒာကူးမသားနှင့်တကွ မင်းမျိုးမင်းနွယ်တို့၏ လက်၌ ဝတ်စေသော်လည်းကောင်း၊ အမတ်ကြီး၊ စစ်သူကြီး၊ ပြည်စိုး၊ ဘဏ္ဏာစိုး၊ မြို့ကွပ်၊ ကလန်၊ သံပျင်တို့၏ လက်၌ ဝတ်စေသော်လည်း မတန်လေသောကြောင့် ချောင်းဖျား မြောင်းဖျားတောတောင် အနှံ့ရှာကြသော် မီးချောင်း၏အဖျား သလူချောင်း၌ အဆင်းအဝါ၊ အစွမ်းခွန်အားနှင့် ပြည့်စုံသောမြိုသင်းကြီးညီနောင် သားအဖသုံးယောက်တို့ကို ကွန်ပစ်၍ တွေ့လေလျှင် လက်စွပ်ကို ဝတ်စေ၍ တန်လတ်သည်ရှိသော် သုံးယောက်လုံးကို ဝေသာလီပြည်သို့ ဆောင်ယူခဲ့၍မြိုသုံးယောက်တွင် အကိုကြီး အမြတူကို စန္ဒာဒေဝီ မိဖုရားနှင့် သက္ကရာဇ် ၁၃၁-ခုနှစ်တွင် မင်းအဖြစ် တင်မြှောက်ကြလေ၏။ ညီတော် အမြကူကိုကား အိမ်ရှေ့အရာ နှင်းအပ်ပေ၏။ သားပဲဖြူကိုကား မြောက်ဦးဟူသော ရွာကို အပ်နှင်းပေ၏ 1
          ရခိုင်မဟာရာဇဝင်တော်ကြီး၌မူ အမြတူ၊ အမြကူ၊ ပဲဖြူမြိုမင်းတို့သည် ဝေသာလီမြို့တော်၌ မင်းလုပ်လျက်ရှိသောကြောင့် နောင်တော်ခေတ္တသင်မင်းနှင့် ပုဂံပြည်၌ အလောင်းစည်သူမင်းအား အကြောင်းကြားလေသည်။ ထိုအခါ အလောင်းစည်သူသည် ဝေသာလီမြို့တော်သို့ ချီတက်လာပြီးလျှင်မြိုမင်းတို့ကို ဖယ်ရှားပြီး ခေတ္တသင်မင်းကို နန်းတင်တော်မူခဲလေသည်ဟူ၍ ဖော်ပြပါသည်။ 2
          ဆရာဇေယျ၏ မှတ်တမ်းဝင် ဗမာ့ အရေးအခင်းများ စာအုပ်တွင်လည်း အထက်ပါ ဓညဝတီ ရာဇဝင်လာ အကြောင်းအရာများကို အခြေခံလျက်မြိုမင်းဆက်အကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။ မတူညီသည့်အချက်မှာ ဓညဝတီ ရာဇဝင်သစ်၌မြိုသင်းကြီး ညီနောင် သုံးဦးကို တွေ့ဆုံသည့်အရပ်ကို ဖော်ပြရာ၌မီးချောင်း၏ အဖျားသလူချောင်းဖျား၌ဟူ၍ ဖော်ပြသော်လည်း၊မှတ်တမ်းဝင် ဗမားအရေးအခင်းများစာအုပ်တွင် သလူချောင်းဖျားဟူ၍သာ ဖော်ပြပါသည်။ ထို့နောက်မြိုလူမျိုးတို့၏ နေရပ်ကို ပြဆိုသောအခါ၌မြိုလူမျိုးများသည် ယခုအခါ ရခိုင်တိုင်း မြောက်ပိုင်း၊ စစ်တွေ စီရင်စု၊ ဘူးသီးတောင်နယ်တွင် မထင်မရှားလူစုလေး တစ်စုဘဝသို့ ရောက်၍နေရှပေသည်ဟု ဖော်ပြထားသည်။ 3 သလူချောင်းဖျားသည် ဘူသီးတောင်နယ်၌ ရှိလေမည် ထင်ရပါသည်။ ရာဇဝင်၏ အကြောင်းအရာများသည်လည်း ဘူသီးတောင်နယ်၌ မြစ်ဖျားခံလေဟန် ထင်ရပါသည်။ စင်စစ် သလူချောင်းသည် မီးချောင်း၏ လက်တက်တစ်ခုဖြစ်ပြီး မီးချောင်းသည်လည်း ပလက်ဝဒေသ ကုလားတန်မြစ် အရှေ့ဘက်ကမ်းမှ မြစ်လက်တက် တစ်ခုဖြစ်ပါသည်။ ရာဇဝင်၏ မြစ်ဖျားခံရာချောင်းသည် မီးချောင်း ဒေသပင်ဖြစ်ပါသည်။ ထိုအကြောင်းကို ရခိုင်မင်းသမီး ဧချင်း ပိုဒ် ၁၄-
          ဆားဝမီးထဲ                တောင်ယာပဲဝယ်
          အမြဲနေပင်                မြိုတွင် ထင်ရှား
          သင်းကြီးသားလျှင်        ရည်သွားလုံးရပ်
          စည်းကြပ်ကျစ်ကြော     ချောမောဆင်းရောင်
          ညီနောင်သားဘ          သုံးယောက်ရ၍
          အစတည်တုံ              အမြတူနှင့်
          တူစုံသားမောင်            ထီးနန်းဆောက်၍
          နောင်တလစ်မူ            သားပဲဖြူနှင့်
          ရိပ်ဖြူဆောင်းချုပ်         ပြည်ရွာအုပ်လျက်။ 4
ဟူ၍ ဖော်ပြထားရာဆားဝမီးထဲဟု ဖော်ပြခြင်းသည် အမြတူတို့ ညီနောင်သုံးဦးကို တွေ့ရှိသည့်အရပ်ဖြစ်ပါသည်။ ယခုတိုင်ဆားဝကျေးရွာ ရှိနေခြင်းကိုထောက်၍ မီးချောင်းဆားဝကျေးရွာ ဒေသဟူ၍ ယူလျှင် ပို၍ဆီလျော်ဖွယ်ဖြစ်ပါသည်။
          မြိုမင်း အမြတူ ဝေသာလီ၌ နန်းတက်နှစ်သည် ကောဇာ သက္ကရာဇ် (၁၃၁) ခုနှစ် ခရစ်နှစ် အေဒီ (၇၆၉) ခုနှစ် နန်းတက်၍ ထိုမင်းသည် အိမ်နိမ့် (၄၂) နှစ်၊ နန်းစံ () နှစ် သက်တော် (၄၇) နှစ်၊ အေဒီ (၇၇၅) တွင် အနိစ္စရောက်သည်။ အမြတူ နတ်ရွာစံပြီးနောက် ပဲဖြူမင်းသားသည် စန္ဒာဒေဝီ မိဖုရားနှင့် ကောဇာသက္ကရာဇ် (၁၃၈) ခုနှစ်၊ ခရစ်နှစ် အေဒီ (၇၇၆) ခုနှစ်တွင် ထီူးနန်းကို ဆက်ခံလေသည်။ ကိန်းခန်းကုန်ပြီးဖြစ်သော ဝေသာလီမြို့မှ မိမိမူလ စားကျေးစားခဲ့ရသည့် မြောက်ဦးနေပြည်တော်ကို ပြောင်းရွှေ့ပြီး ထီးနန်းစည်းစိမ်ကို ခံစားခဲ့သည်။ မြောက်ဦးမြို့တွင် (၁၇) နှစ် နန်းစံပြီးမှ ကိုးသောင်းသော ရှမ်းတို့သည် အဉ္စနဒီ (လေးမြို့မြစ်) ဖျားမှ စုန်ဆင်းကာ စစ်မက်ပြုသည်။ ပဲဖြူမင်းလည်း အားမတန်သောကြောင့် မိဖုရား၊ မောင်းမိဿံ၊ ရဲမက်ဗိုလ်ပါတို့ဖြင့် ယိုးချောင်းဖျား၊ သပိတ်တောင် (ယခု ရွှေပန်းခိုင်မြိုရွာ) တွင် မြို့တည်လေသည်။ မကြာမီ ပဲဖြူမင်းသည် အေဒီ (၇၉၄) ခုနှစ်တွင် အိမ်နိမ့် (၂၃) နှစ်၊ နန်းစံ (၂၄) နှစ်၊ သက်တော် (၄၇) နှစ်ဝယ် နတ်ရွာစံတော်မူလေသည်။ 5
          ၁၈--ရာစု တွင်လည်း ပျားတဲဒေသသား အဘိယမဟာရာဇာဘွဲ့ဖြင့် ဘုရင်တစ်ပါး ပေါ်ထွန်းပြီး မြောက်ဦးထီးနန်းကို ဘုရင်စန္ဒာပါရမ နတ်ရွာစံပြီးနောက် ဆက်ခံခဲ့သည်ဟု ပါရှိသည်။ 6 အမှန်တွင် ပျားတဲအုပ်စု၊ ကျောင်းတိုက်ကျေးရွာမှမြိုလူမျိုးတစ်ဦးဖြစ်သည်ကို စာရေးဆရာက ကျေးရွာနာမည်ကို တိတိကျကျ မဖော်ပြပါ။ အဆိုပါ ကျောင်းတိုက်ကျေးရွာသည် မြောက်ဦးမြို့နယ် ပျားတဲကျေးရွာ အုပ်စုတွင် ပါရှိပြီး ယနေ့တိုင် အိမ်ခြေပေါင်း (၁၅) အိမ်ထောင်စုဖြင့် တည်လျက်ရှိပေသည်။ အဘိယမဟာရာဇာမင်းကိုမြိုလူမျိုးအမည်ဖြင့်ရုပ်ဆွေဖဘုရင်ဟုမြိုလူမျိုး ရှေးလူကြီးများက ပြောစမှတ်ပြုကြသည်။ မြောက်ဦးခေတ် ဘုရင်မင်းဆက် စာရင်းကို စစ်ဆေးကြည့်သောအခါ အဘိယမဟာရာဇာဘုရင်သည် အေဒီ (၁၇၆၄-၁၇၇၃) ခုနှစ်ထိ မြောက်ဦး ထီးနန်းကို ဆက်ခံခဲ့သည်ကို တွေ့ရသည်။
          ဦးစိုင်းအောင်ထွန်း၏ ( Amulti-Ethnic Myanmar and the challenge of the 21st century) စာတမ်းတွင် (C-Kuki-chin group) တွင် ခမီလူမျိုးပါဝင်ပြီး (H-Mro-Group) တွင် မြိုလူမျိုးပါဝင်နေသည်ကို တွေ့ရပါသည်။ ၎င်းစာတမ်းရှင်၏ အယူအဆအရဆိုလျှင် ( မြိုလူမျိုးနှင့် ခမီလူမျိုး) တို့သည် သီးခြားလူမျိုး ဖြစ်နေပါသည်။ 7 စာတမ်းရှင်၏ အယူအဆအရဆိုလျှင်မြိုလူမျိုးနှင့်ခမီလူမျိုးတို့သည် သီးခြားလူမျိုးကွဲများ မဟုတ်ဘဲ အထက်ပါစာတမ်း၏ ဖော်ပြချက်အရ အတူတူဟု ဆိုနိုင်ပါသည်။ ထို့အပြင် မြို(ခေါ်)ခမီ လူမျိုးတို့သည် (ကူကီ-ချင်း) အုပ်စုတွင် ပါဝင်နေခြင်း၊ ၁၉၉၃-ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော အမျိုးသားညီလာခံတွင် ၎င်းလူမျိုး၏ပါတီအမည်ကို (မြို(ခေါ်)ခမိ) အမျိုးသားညီညွှတ်ရေးအဖွဲ့ဟူ၍ တွေ့ရခြင်းတို့ကြောင့် မြိုနှင့်ခမီ လူမျိုးတို့သည် လူမျိုးတူ ဖြစ်ပါသည်။
          မြန်မာစွယ်စုံကျမ်း အတွဲ () ၊စာ-၄၂၅၊ ၄၂၆ တွင် တိဘက်မြန်မာ အုပ်စုမှ ချင်းအုပ်စုခွဲတွင် ပါဝင်သော  တိုင်းရင်းသား လူမျိုးများအနက် မြိုလူမျိုးတို့သည် စစ်တွေခရိုင်၊ ဘူးသီးတောင်ဒေသနှင့် မီးချောင်း၊ ပီချောင်း တစ်လျှောက်တွင် နေထိုင်ကြသည်။ ထို့အပြင် အရှေ့ပါကစ္စတန်ပြည်၊ စစ်တကောင်းတောင်တန်း၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျိုးတို့ နေထိုင်ကြသည်။ ၁၉၃၁-ခုနှစ် သန်းခေါင်စာရင်းအရ မြိုလူဦးရေမှာ ၁၃၇၆၆ ခန့်ရှိသည်။ 8 ယနေ့မြိုလူမျိုးများသည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်တို့တွင် နေထိုင်ကြသည်။ ရခိုင်ပြည်နယ်တွင်မြိုလူမျိုး ကျေးရွာပေါင်း ၃၃၄- ရွာရှိသည်။ ၂၀၀၇ ခုနှစ် သန်းခေါင်စာရင်းအရ မြိုလူမျိုးဦးရေမှာ ၈၀၀၀၀ ကျော်ရှိသည်။
          မြိုလူမျိုးတို့၏ ဆင်းသက်လာပုံနှင့် သမိုင်းကြောင်း အဖြစ်အပျက်ကို ခြုံငုံသုံးသပ်ကြည့်လျှင်-
          ရခိုင်ရာဇဝင်များအရ မြိုလူမျိုးတို့သည် ရှေးကျသော လူမျိုးစု တစ်စုဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသနှင့် ချင်းပြည်နယ်၊ မတူပီနှင့် ပလက်ဝမြို့နယ်များဖြစ်သော ဆမီချောင်းနှင့် မီးချောင်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ တိဗက်-မြန်မာအုပ်စုတွင် ပါဝင်ပြီး၊ ကိုယ်ပိုင် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ထုံးဓလေ့များသည် ယနေ့တိုင် လေ့လာတွေ့ရှိနိုင်ပေသည်။မြိုလူမျိုးတို့သည် မြောက်ဘက်အာသံလောက်မှစ၍ မြန်မာနိုင်ငံအတွင်းသို့ ဘီစီ (၄၀၀၀မှ ၃၅၀၀) အတွင်း ဝင်ရောက်လာကြသည်ဟု ယူဆရသည်။ ထိုကာလအတွင်း ကုလားတန်မြစ်ဖျား ဒေသမှ တစ်ဆင့် မြစ်မရိုးနှင့် မြစ်လက်တက် တလျှောက် အခြေစိုက် နေထိုင်ရင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ကြသည်။ ထိုသို့ အခြေစိုက်နေထိုင်စဉ် အတော်အတန် အဆင့်မြင့်သည့် အုပ်ချုပ်ရေးစနစ်များကို ထူထောင်နိုင်ခဲ့ကြသည်။ မာရယုမင်းသားကဲ့သို့ ဘုန်းလက်ရုံးနှင့် ပြည့်စုံသည့် ယောက်ျားကောင်းများကို စနစ်တကျ ပြုစုပျိုးထောင် ပေးနိုင်ခဲ့သည်။ ရခိုင်ထီးနန်းကို ဝေသာလီခေတ်တွင်မြိုမင်းအမြတူ၊ ပဲဖြူမင်းတို့မင်းဆက် () ဆက်နှင့် မြောက်ဦးခေတ်တွင် အဘီယမဟာရာဇာဘွဲ့ဖြင့် မင်းဆက် တစ်ဆက်အုပ်ချုပ်နိုင်ခဲ့သည်။ ယေဘုယျအားဖြင့်မြိုလူမျိုးများကို ရှေးအခါက အဝခမီ၊ အဖျားခမီနှင့် တောင်မြိုဟု ခေါ်ပြီး ယနေ့တိုင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစု အနေဖြင့် ရပ်တည်နေသည်။မြိုလူမျိုးတို့၏ ပုံပြင်အရ အမှောင်လောကမှ ဆင်းသက်လာသော သူများဖြစ်ကြသည်။ အချို့ပညာရှင်များ၏ အယူအဆအရ ချင်းအုပ်စုကွဲများ ဖြစ်ကြသည်။ မြန်မာနိုင်ငံသမိုင်းတွင် တိုင်းရင်းသားလူမျိုးကြီးများဖြစ်သော ရခိုင်၊ ဗမာ၊ မွန်နှင့် ကရင်လူမျိုးကဲ့သို့ မြိုလူမျိုးတို့တွင် မှတ်တမ်းအားနည်းနေခြင်းတို့ကြောင်း သုတေသနပညာရှင်များက လွဲ၍ လူသိနည်းပါးသည်။ သို့သော် ၁၉၉၃-ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော အမျိုးသားညီလာခံတွင် မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့အနေဖြင့် ယနေ့တိုင် တရားဝင်ပါတီ အဖွဲ့အနေဖြင့် ရပ်တည်လျက်ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစု အဖြစ် ပိုမို ထင်ရှားလူသိများလာသည်။

ဒေါက်တာကျော်သိန်း (မြောက်ဦး)
နည်းပြ၊ သမိုင်းဌာန
ရန်ကုန်တက္ကသိုလ်
ရန်ကုန်မြို့
.၁၂.၂၀၀၉
(--၂၀၁၀ တွင် / ကထိက ရာထူတိုးပြီး ၂၆--၂၀၁၀ တွင် ကွယ်လွန်သည်)

1. (က) ဉာဏ၊ ဓညဝတီသစ်၊ စာ-၉၅-၉၆
    () ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ စာ-၃၃
    () အောင်ဇေယျ၊ ရက္ခပူရကြေးမုံကျမ်း၊ စာ-၅၄
    ()Maung Tha Hla, “The Rakhing”, Washington.D.C, October, 2004, p-28
    () U Shwe Zan, The Golden Mrauk-U : An ancient capital of Rakhing, Yangon, Cho Tay    Than sarpay Third print-2004-p.151
    () Parela Gutman, Ancient Arakan with special reference to its cultural history between    the 5th and 11th centuries, vol.1 . Ph.D Thesis Austrolian national University. 1976.        p.11
2. သာထွန်းအောင်၊ ရခိုင်မဟာရာဇဝင်တော်ကြီး၊ စာ-၁၅
3. ဆရာဇေယျ၊ ဗမာ့မှတ်တမ်းဝင် အရေးအခင်းများ၊ ရန်ကုန်၊ ဝင်းပုံနှိပ်တိုက်၊ ၁၉၇၀၊ စာ-၁၀
4. အဒူမင်းညို၊ ရခိုင်မင်းသမီး ဧချင်း၊ စာ- ၂၆
5. (က)စိန်သာထွန်း၊ မြိုလူမျိုးအကြောင်း၊ လက်ရေးမူ။ ၁၉၈၈၊ စာ-
    () ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ စာ-၃၄ တွင် ပဲဖြူမင်းသည် ဝေသာလီပြည် ကိန်းခန်း           သိုက်ဓာတ်ကုန်လတ်သော်ကား၊ စွန့်သွား ပြည်ရွာ၊ ပြောင်းလဲခွာ၍၊ ဦးစွာကြံမြောက်၊ နိမိတ်ကောက်လျက်၊ မြောက်ဦးမြို့တည်၊ စံမြည်းသည်နှင့် ဟုပါရှိသည်။
    ()ဓညဝတီ အောင်ဇေယျ၊ ရက္ခပူရကြေးမုံကျမ်း၊ စာ-၇၂
6. U Shwe Zan, The golden Mrauk-U. p-20
7. Sai Aung Tun, A multi Ethnic Myanmar and the challenge of the 21st century, proceedings of the Myanmar Two millennia conference 15-17 December 1999, University Historical Research centre, Yangon.
8. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ () ရန်ကုန်။ စာပေဗိမာန်၊ ၁၉၆၄၊ စာ-၄၂၅၊ ၄၂၆

ကျမ်းကိုးစာရင်း
၁။ ကေသာရ၊ အသျှင်။ မာရယုနှင့် ဗေဒါရာဇဝင် ရှင်းတမ်း ဒီမိုကရေစီ ပုံနှိပ်တိုက်၊ ရန်ကုန် ၁၃၇၁      ပြာသိုလ။
၂။ ကမ္ဘာ့သမိုင်း မှတ်တိုင်များ၊ ပထမတွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီ     ဌာနချုပ်၊ ရန်ကုန်၊ ၁၉၆၇၊ မေလ။
၃။ စာခေါင်(မောင်) မြိုဘာသာစကား၏ စကားသံများကို သဒ္ဒါဗေဒအမြင်ဖြင့် လေ့လာချက်၊ တက္ကသိုလ်        ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၉၀။
၎။ စစ်ကိုင်းထူပါရုံကျောက်စာ၊ စာကြောင်းရေ ၂၀-၂၃၊ ခရစ်နှစ်၊ ၁၄၄၂-ခု။
၅။ စိန်သာထွန်း၊ ဦး။ မြိုလူမျိုးသမိုင်း စာတမ်း အကျဉ်းချုပ်၊ လက်နှိပ်စက်မူ၊ ရန်ကုန်၊ ၁၉၈၈။
၆။ ဇေယျ။ ဆရာ၊ မှတ်တမ်းဝင် ဗမာ့အရေးအခင်းများ၊ ဝင်းပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၀။
၇။ ညိုမြ။ ကုန်းဘောင်ရှာပုံတော်။
၈။ ဉာဏ၊ ရမ်းဗြဲအထက်တောင်ကျောင်းဆရာာတော်၊ ဦး။ ဓညဝတီ ရာဇဝင်သစ်၊ ဟံသာဝတီ ပိဋကတ်      ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၃၆၁။
၉။ တင်မောင်၊ သင့်ဘဝ၊ ဦး။ အလင်းဆောင်သူ အတွေ့အကြုံ၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၇။
၁၀။ တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများ (ချင်း) ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး    ဗဟီုကော်မတီ ဌာနချုပ်၊ ရန်ကုန်၊ ၁၉၆၈၊ ဖေဖော်ဝါရီလ ။
၁၁။တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများ (ရခိုင်)။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး      ဗဟီုကော်မတီ ဌာနချုပ်၊ ရန်ကုန်၊ ၁၉၇၆၊ ဇန်နဝါရီလ
၁၂။ တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့၊ ရခိုင်ပြည်နယ် အဖွဲ့ခွဲ၊      အမှတ်(၁) ၏ လေ့လာတွေ့ရှိချက်စာတမ်း။ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၊ စစ်တွေမြို့။
၁၃။ ထွန်းရွှေခိုင်၊ စစ်တွေကောလိပ်။ ရခိုင်ရှေးဟောင်း မြို့တော်များ၊ သိဒ္ဒိမြိုင် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၈၅၊           ဖေဖော်ဝါရီလ။
၁၄။ ပလက်ဝမြို့နယ် နိုင်ငံရေးသမိုင်း။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေးကော်မတီ၊ ပလက်ဝမြို့။ ၁၉၇၆။
၁၅။ ပီယ၊ မာန်အောင်။ ရခိုင်သာစွလေ၊ တိုင်းလင်း စာပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၀။
၁၆။ မဟိန္ဒြစကြာ (ပွဲကျောင်း)၊ (ရဲကြေးမုံ မဂ္ဂဇင်း)၊ “အဉ္ဖုနရသေ့နှင့်ဝေသာလီမာရယု”၊ ၂၀၀၆။
၁၇။ မေဓဒေဝ၊ ဦး။ မြိုလူမျိုးအကြောင်း၊ လက်ရေးမူ။
၁၈။ မောင်မောင်တူ၊ ဦး။ မြိုလူမျိုး ဆင်းသက်လာပုံ စာတမ်းငယ်၊ လက်ရေးမူ။
၁၉။ မှန်နန်းမဟာ ရာဇဝင်တော်ကြီး၊ ပထမတွဲ ၊ ရန်ကုန်။ ၂၀၀၃။
၂၀။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉) ။ စာပေဗိမာန် စာပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၄။
၂၁။ လှထွန်းဖြူ၊ ဦး။ ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ၊ စပယ်စာပေတိုက်၊ ရန်ကုန်၊ ၁၉၈၁။

No comments :

Post a Comment