Saturday, March 30, 2013

မြုံလူမျိုးရှာပုံတော် (၄)


          လူမျိုးတစ်ရာ့တစ်ပါးနှင့်ဆက်လက်တင်ပြရလျှင် သခင်ကြီးဧချင်းတွင် အသစ်အသစ် ရှေ့နားလှစ်လော ဧကရာဇ်ဒီပစိုးပိုင်းသသည့် မျိုးရာ့တစ်ပါးသခင်ကြားလေ စမ်းစွားလင်းဇင်း တနသာင်္ရီ ဇဝီဇဝါ ဒါဒါတနွယ် ဒါးဝယ်မြုံသက်၊ ကံစက်လင်းချောင်း ကျည်းမင်းတမျိုးသိန်းခိုးအစည်
အင်ကျည်ဖရင်ဂျီ ရုဠီပုဏ္ဏား ကုလားပန်းသေး သက်တကျေးဟူ ကလေးအင်တရော် အကျော်စုအင် ကရင်မျက်နှာမည်း ခုံပွားကျည်းက ကသည်းကထူးကနားကြီး ခံတီးမိုးလင်း မိုးညှင်းမိုးကောင်း ကျိုးကောင်းမိုးနဲ့ သင်းတွဲမိုးလုံး ရှမ်းအုံးဘောင် မောသီပေါစန္တား မိုးနားမိုးဝန်း ယွန်းယိုးဒယား စော်ဘွားသည် ဝီပည်းသီထွေထွေ ညောင်ရွှေယောက်ဆောက် ထပ်လှောက်တဘော် ဗန်းမော်မိုးညှင်းဟူ၍ ရေးသားထားသည်။
          တိုင်းရင်းသားလူမျိုးများကို နေမိဘူခန်းပျို့တွင် ပုဏ္ဏားစင်ကြံစိမ်းခွံပတီ တော်ဏီကြန်တန် သုတ္တန်ပင့်ကာ ကျည်းခဝါနှင့် အောအာခုံစင်က ကချင်ကသည်း မျက်နှာမည်းတို့ သက်ကျည်းစည်တိုင်း သူရိုင်းသူပဲ နဲဖဲ့သူလှောင် ပလောင်လဝ မန္တပွနှင့် မက္ခရာသီ ဝေနရီတို့ ဇောဂီသထုံ ပြု “မြုံ” လမြင် ကရင်ဓနုလဟုသက်ရွာ သက်သာကမ်းရပ် သရက်ရေသီး အဖြီးဖြီးလျှင် ဝေနီးမရှားရောက်လာငြားလည်း တံခါးကျစ်လှစ်ဟူ၍ ရေးသားထားသည်။
          မြန်မာလူမျိုး (၇) မျိုးနှင့် ပတ်သက်၍ ဇမ္ဗူတံဆိပ်ကျမ်းတွင် သက်နှင့်ရခိုင်နှိုင်းပြိုင်တောင်သူ ပျူကမ်းယံယော ထားဝယ်နှောက မျိုးသတ္တဟု ဖော်ပြထားသည်။ လောကဟိတရာသီကျမ်းတွင် မြန်မာပျုတောင်သူ ကမ်းယံယော ရခိုင်ထားဝယ်ဟူ၍ ဖော်ပြထားသည်။ စွယ်စုံကျော်ထင်အရမူ ယောနှင့်ရခိုင် နှိင်းပြိုင်ထားဝယ် ဘရယ်တောင်သူ ပြောပြူကမ်းယံ ခုနှစ်တန်ကိုဟူ၍ ဖော်ပြထားသည်ကို လေ့လာကြည့်လျှင် သက်ရခိုင်တောင်သူပျူ ကမ်းယံယောထားဝယ်ပြော့ မြန်မာဟူ၍ ခွဲခြားနိုင်သည်။ ပြော့လူမျိုးကို မြန်မာအဘိဓာန်တွင် ရှေးခေတ်မြန်မာနန်းတွင်း၌ ပေါ်တူဂီလူမျိုးတို့ အမှုထမ်းခဲ့ကြောင်း “ပြော့မှူးကြီး” ဆိုသူမှာ အမှုထမ်းများကို ကြီးကြပ်ရသူဟု မှတ်သားရသည်။ “တောင်သူ” လူမျိုးဆိုသူမှာ ယခုခေတ် “ပအိုဝ်” လူမျိုးဖြစ်ကြောင်းသိရသည်။
          ဝဏ္ဏဗောဓနသတ်အင်း (ဦးတင်ဧတည်းဖြတ်) စာအုပ်တွင် မြုံကို “မြုံမျိုးလူ” နှင့် “လူမျိုးမြုံ” ဟုရေးသားထားပြီး အောက်ခြေမှတ်စုတွင် မြုံလျင်လူမျိုးလင်္ကာဟူ၍လည်းကောင်း မြန်မာမင်းလွတ်တော်သုံး သတ်ပုံကျမ်း စာစဉ်(၁) (ဟံသာဝတီ) စာအုပ်တွင် မြုံလူမျိုးနှင့် မြုံမ်” လူမျိုးဟု ဖော်ပြထားပြီး အောက်ခြေမှတ်စုတွင် “မြုံပျိုလူ” ဟူ၍ ရေးသားထားသည်။ မြုံလူမျိုးကို “မြုံမ်” လူမျိုးဟူ၍ ရေးသားထားကြောင်း လေ့လာတွေ့ရှိရပါသည်။
          ဝေါဟာရတ္တပကာသနီကောက်နုတ်ချက်စာအုပ်တွင် မြုံလူမျိုးဟုဖေါ်ပြထားသည်။ မြုံ ဝေါဟာရနှင့် ပတ်သက်၍ ထိုတွင် မြုံဟူသော ဝေါဟာရကို အလျှမ်းမထွက် လုံခြုံသည်ဟူသော အနက်ယူသင့်သည်။ ထိုနှင့်လျော်စွာ အရိပ်လုံခြုံစေ့စပ်သည်ကို ရပ်မြုံ ပဋိသန္ဓေ မစွဲမယူသည်ကို “ဇာတိမြုံ” သည်၊ ကြက်ငှက်တို့ကို မထွက်မသွားရ လုံခြုံအောင်သိမှီးရာဖြစ်၍ ကြက်မြုံ ဟူ၍လည်းကောင်းရှိ၏။ ချစ်ရိပ်မြုံဆိုသော အရည်လည်းနည်းတူ၊ “မြူ” “မြုံ” ဟူသည်ကား အမည်မျှသာဖြစ်သင့်၏ ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
          ကဝိမျက်မှန်တွင် မြုံနှင့်ပတ်သက်၍ မိန်းမအမြုံ “လူမျိုးမြုံ” နှင့် ရိပ်မြုံ ကြက်မြုံ အနာမြုံ ဟုရေးသားရာ မှန်စွာမသတ် ရရစ်မှတ်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ကဝိလက္ခဏာသတ်ပုံကျမ်းတွင် မိန်းမအမြုံ ရိပ်မြုံ ကြက်မြုံ အနာမြုံ ရှိနေသည်ဟူ၍ ပါရှိပါသည်။ ဦးသာမြတ်၏ မြန်မာစာရေးထုံးကျမ်း ဦးဝန်၏ တက္ကသိုလ်မြန်မာသတ်ညွှန်းကျမ်း၊ ဦးအုံးရွှေ၏ သတ်ပုံအဘိဓာန် မိတ်စုံလင် ပါဠိဆရာ ဆရာဖြေ၏ ခွဲထားကျော် မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်၏ မြန်မာစာရေးထုံးကျမ်းနှင့် မြန်မာစာအဖွဲ့၏ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (၁၉၇၈) စာအုပ်များတွင် “မြုံ” လူမျိုးဟုရေးသားထားသည်။ မြုံလူမျိုးကို ခရစ်နှစ် ၁၄၄ ခုနှစ် စစ်ကိုင်းထူပါရုံကျောက်စာတွင် ပထမဦးဆုံး ရေးသားဖော်ပြခဲ့ပြီး မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (၁၉၇၈) တွင် နောက်ဆုံးရေးသားထားကြောင်း မှတ်သားရသည်။
          မြုံဟူသော ဝေါဟာရကို မြန်မာအဘိဓာန် အတွဲ (၃) တွင် မြုံ- ကြိ ၁။ အသီးအပွင့်မသီးပဲရှိသည်။ သန္ဓေပေးနိုင်စွမ်း မရှိဖြစ်သည်။ ၂။ အပြင်သို့အပြူမထွက်ပဲ အတွင်း၌ ခိုအောင်းနေသည်။ ၃။ ပြောလိုရာကို မပြောဆိုပဲ စိတ်ထဲတွင် ထိန်းချုပ်ထားသည်။ သူတစ်ပါးမသိအောင် မပွင့်မပေါ်သိုသိပ်ထားသည်။ ဟူ၍လည်းကောင်း မြန်မာအဘိဓာန် (၁၉၉၁) တွင် မြုံ - ကြိ ၁။ အပြင်သို့မထွက်ပေါ်ဘဲ အတွင်း၌ ငုတ်နေသည်။ “အနာမြုံနေပြီ” ၂။ မပြောဘဲ သိုသိပ်ထားသည်။ ၃။ သန္ဓေသားဖြစ်ထွန်းနိုင်စွမ်းမရှိဖြစ်သည် ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
          မြုံလူမျိုးမှာ အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ပညတ်သွားရာ ဓါတ်သက်ပါဆိုသည့် လူမျိုးဖြစ်သည်။ မိမိလူမျိုးအကြောင်းနှင့် ပတ်သက်၍ ပြောလိုရာကို မပြောဘဲ စိတ်ထဲတွင် ထိန်းချုပ်ထားခြင်း သူတစ်ပါးသိအောင် ဖွင့်ဆိုရှင်းပြခြင်းမရှိဘဲ ရင်ထဲတွင် သိုသိပ်ထားသည့်လူမျိုးဟုဆိုလျှင် မှားမည်မထင်၊ အဘယ်ကြောင့်နည်း။ ရာဇဝင်သမိုင်းတွင် မှတ်တမ်းတင်ခြင်းခံရသော မြုံလူမျိုးမှာ စာတတ်သူနည်းပါးသဖြင့် မိမိလူမျိုးကို ရည်ညွန်း၍ မှတ်တမ်းတင်ရေးထားကြောင်း မသိခဲ့ကြပေ။ မြုံ လူမျိုးကို စာပေပညာရှင်များ၊ စာပေသုတေသီများကလွဲ၍ သာမန်လူများ သိနိုင်မည်မထင်၊ တိမ်ကောပျောက်ကွယ်နေသည့် လူမျိုးဟူ၍ ကောက်ချက်ချပေလိမ့်မည်။
          ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဦးညွှန့်ဟန်၏ ဝေသာလီမြို့ဟောင်း လေ့လာချက် (၁၉၈၆) စာတမ်းတွင် ရခိုင်သမိုင်းအရ စူဠတိုင်း စန္ဒရားမင်းအထိ (၉) ဆက် စန္ဒရားမင်းရိုးမဟုတ်သော မမြတူနှင့် ပေးဖြူမင်းအထိ ရေတွက်လျှင် မင်း (၁၁) ဆက် မင်းရိုး ငတုံမင်းအထိ ရေတွက်လျှင် မင်း (၁၂) ဆက်ဖြစ်သည်။ သက္ကရာဇ် ၃၁၉ ခုနှစ်တွင် စူဠတိုင်း စန္ဒရားမင်းပင်လယ်ခရီး၌ နတ်ရွာစံသောအခါ “မြုံ” ညီနောင်နှစ်ဦးဖြစ်သော အမြတူ အမြကူး နှင့် အမြကူ၏သား ပေးဖြူမင်းတို့ ဝေသာလီကို စိုးစံခဲ့ကြောင်း ရေးသားချက်ကို ရခိုင်ရာဇဝင်မှတ်တမ်းတို့တွင် ဖတ်ရှုရသည်ဟူ၍ ရေးသားထားသည်။ ယင်းစာတမ်းတွင် မြုံလူမျိုးဟူ၍ ရေးသားဖေါ်ပြထားခြင်းမှာ ဦးပဏ္ဍိ၏ ဓညဝတီ ရာဇဝင်သစ်ကို ကိုးကားထားကြောင်း ဖော်ပြထားသည်။
          ဦးသာထွန်းအောင်၏ ရခိုင်မဟာရာဇဝင်တော်ကြီးကောက်နုတ်ချက်စာအုပ်တွင် အမြတူ အမြကူ ပဲဖြူ “မြုမ်း” မင်းတို့သည် ဝေသာလီမြို့တော်၌ပင် မင်းလုပ်လျက်ရှိသောကြောင့်ဟူ၍လည်းကောင်း၊ အလောင်းစည်သူမင်းသည် ဝေသာလီမြို့တော်သို့ ချီတက်လာပြီးလျှင် “မြူ” မင်းတို့ကို ဖယ်ရှားပြီးလျှင် ခေတ္တသင်မင်းကို နန်းတင်တော်မူလေသည်ဟူ၍ ရေးသားထားသည်။ မြုံလူမျိုးကို မြုမ်း နှင့် မြူဟူ၍ သတ်ပုံနှစ်မျိုးဖြင့် ရေးသားထားသည်ကို လေ့လာသိရှိနိုင်ပေသည်။
          ဟာဗေး၏ မြန်မာနိုင်ငံတော်သမိုင်းစာအုပ်တွင် စူဠတိုင်းစန္ဒရား (အေဒီ ၉၃၄-၉၅၁) မင်းဆက်ပြီးလျှင် ရခိုင်မြောက်ပိုင်း (မြူ) (MYU) လူမျိုးအမြတူ (အေဒီ ၉၅၁-၉၅၇) နှင့် တူဖြစ်သူ ယဲဖြူ (ပဲဖြူ) (အေဒီ ၉၅၇-၉၆၄) မင်းဆက်နှစ်ဆက်ကို ဖော်ပြထားသည်။ မြုံလူမျိုးကို မြူဟူ၍ ရေးသားထားပါသည်။
          မြုံလူမျိုးကို ဆက်လက်ရှာဖွေရာတွင် ဦးဘိုးလတ်က စစ်ကိုင်းထူပါရုံကျောက်စာနှင့် မန္တလေးမဟာမြတ်မုနိကျောက်စာတို့တွင် ပါရှိသောလူမျိုးများအနက် ရခိုင်ဟဲရုံ သက် မြုန် (မြုံ) ချင်းလူမျိုးများပါရှိရာ မြုံလူမျိုးများကိုအောက်ပါအတိုင်း ကောက်ချက်ချမှတ်ထားပါသည်။
          ဤကျောက်စာထုတ်နုတ်ချက်တို့တွင် မြုန်၊ မြုမ် ဟုနှစ်မျိုး အရေးတွေ့ရသော လူမျိုးများ ယခုတောင်ပိုင်း ချင်းလူမျိုးတို့တွင် ပါဝင်၍ ရခိုင်တောင်ရိုးတောင်တန်းတို့တွင် နေထိုင်လျက်ရှိသော ခေတ်အခေါ် “မြို” လူမျိုးတို့ ဖြစ်တန်ရာသည်ဟူ၍ လည်းကောင်း၊
          သက် မြုန် (မြုမ်) ချင်းလင်း ဟူ၍ ခေါ်ဆိုထားသူတို့မှာ ခေတ်အခေါ် ချင်းလူမျိုးစုများသာဖြစ်သည်မှာ ထင်ရှားပါသည်ဟူ၍လည်းကောင်း၊
          ဂျီအိပ်ခ်ျလုစ်က စကြောလူမျိုးဆိုသည်မှာ ယခုခေတ်စကောကရင်လူမျိုးဟု ရေးသားချက်ကိုလည်း မင်းဘူးနယ် စကု စလင်းအရပ်တို့တွင် အများအားဖြင့် နေထိုင်ခဲ့သည်ဟု ယူဆရန်ရှိသော “စကြော” တို့မှာ လူမျိုးအားဖြင့် ထူးခြားမှုရှိခဲ့လျှင် ယင်းတို့မှာ သက် ချင်း လူမျိုးတို့၏ အနွယ်သာဖြစ်သင့်သည်။ ရှေးခေတ်မှစ၍ မျက်မှောက်ခေတ်တိုင်အောင် မင်းဘူးနယ်စကု စလင်း အရပ်တို့သို့ သွားရောက်နေထိုင်ခဲ့သော ပျူ မြန်မာ မဟုတ်သည့် လူမျိုးများ သက် မြုံ ချင်း လူမျိုးတို့၏ အနွယ်သာလျှင်ဖြစ်ခဲ့ချေသည်ဟူ၍ ရေးသားထားပါသည်။
          မင်းတပ်ဘူနိန်၏ ချင်းတောင်သမိုင်းစာအုပ်တွင် ဦးဘိုးလတ်၏ ထင်မြင်ယူဆချက်အတိုင်း မြုံ လူမျိုးအကြောင်းကို ရေးသားထားသည်မှာ-
          အထက်ဖော်ပြပါကျောက်စာတို့ကို ကြည့်ခြင်းအားဖြင့် ချင်းလူမျိုးအား သက်ဟူ၍လည်းကောင်း၊ မြုန် (မြုမ်) ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်ကိုတွေ့ရသည်။  အမှန်မှာ သက်သည်လည်း ချင်းလူမျိုးဖြစ်ပြီး  မြုံ (မြုမ်) အား ယခုအခါ မျို (မြို) ဟု ခေါ်ဆိုပါသည်ဟူ၍ ဖော်ပြထားပါသည်။
          မြဝတီမဂ္ဂဇင်း၌ မောင်ထင်၏ ရှေးဟောင်းဆောင်းပါးတွင် မြိုလူမျိုးကို မြူလူမျိုးဟူ၍ ခေါ်သည်။ ယင်းတို့ကို စစ်တွေခရိုင်နှင့် တောင်တန်းဒေသတို့တွင် တွေ့နိုင်ပါသည်။ လူမျိုးတို့၏ အကြောင်းကို နားလည်သူ မစ္စတာဂရီယာဆန်အဆိုမှာ မြိုလူမျိုးတို့သည် အလွန်ရှေးကျသော မြန်မာစကားကို ပြောဆိုကြသည်ဟူ၍လည်းကောင်း၊ ဆာဂျီစကော့ကမူ မြိုလူမျိုးကို တစ်ခါတစ်ရံ မြူ ဟူ၍လည်း ခေါ်ဆိုပါသည်ဟု ရေးသားထားပါသည်။
          ဦးဘိုးလတ် မင်းတပ်ဘူနိန်တို့က မြုံလူမျိုးကို မြိုဟူ၍ ခေါ်ကြောင်းထင်မြင်ယူဆချက်နှင့် ရေးသားချက်၊ မောင်ထင်က မြုံ (မြို) လူမျိုးကို မြူဟူ၍ ရေးကြောင်း ကောက်နုတ်ချက်တို့ကို လေ့လာနိုင်ပေသည်။ မြုံလူမျိုးကို ဟာဗေးက မြူဟူ၍ ရေးထားသလို ဦးသာထွန်းအောင်ကလည်း မြုမ်းနှင့် မြူ ဟူ၍ ရေးထားကြောင်း လေ့လာတွေ့ရှိရပေသည်။ သို့ဖြစ်ရာ မြုံလူမျိုးကို မြုန် မြုမ် မြုမ်း မြူ မြို မျို ဟူ၍ စာလုံးပေါင်းသတ်ပုံမျိုးစုံ၊ အသံထွက်မျိုးစုံနှင့် ရေးသားထားကြောင်း မှတ်သားရပါသည်။ ထို့အပြင် မြုံကို မြူး မြု မြို့ မြိုး ဟူ၍လည်း ခေါ်ဝေါ်ရေးသားထားကြောင်းကိုလည်း ဆက်လက်တင်ပြပါမည်။ ရှေးရာဇဝင်တွင်ရေးသားခဲ့သည့် မြုံ လူမျိုးမှာ ယခုခေတ်အခေါ် မြို (မရို) လူမျိုးဖြစ်သည်။ မြုံ နှင့် မြိုမှာ လူမျိုးအတူတူဖြစ်ကြောင်း သက်သေ အထောက်အထားခိုင်လုံနေပြီဖြစ်သည်။
 

 
စိန်သာထွန်း (မြောက်ဦး)
ဦးစိန်သာထွန်း
၁၂/ဗဟန(နိုင်)၀၁၀၆၀၉
တိုက် - ၂၁ (ဃ)၊ စံပယ်ရိပ်သာ
ကာကွယ်ရေးဝန်ကြီးဌာန
နေပြည်တော်
 

No comments :

Post a Comment