မာရယုနှင့်
ဗေဒါရာဇဝင် ရှင်းတမ်း
နိဂုံးချုပ် ရှင်းလင်းချက်တွင် အောက်ပါအတိုင်း
ရေးသား ရှင်းလင်းထားသည်ကို တွေ့ရပါသည်။
…မျောက်တစ်ကောင်နှင့် ဆတ်မတစ်ကောင်
ဟိမဝန္တာမှ ကစ္ဆပနဒီမြစ်အတိုင်း မျောပါလာ၍
ကျောက်တော်တောင်နားတွင် ရောက်သောအခါ
သူတို့ချင်း သင့်မြတ်ကြ၍
သားသမီး ၃၂
ယောက်မွေးသည် ဟူ၏။
ရခိုင်ရာဇဝင်များ၌
ရေးသားခြင်းသည်လည်း “သက်”
ရာဇဝင်နှင့် “မြို”
ရာဇဝင်တို့ကို တိတိကျကျ
နားမလည်၍ ရေးသားကြဟန်
ရှိလေသည်။ စင်စစ်မှာ
“မြို” ကို
အိန္ဒိယ အခေါ်
ဗန္ဓရဇာတိ ခေါ်သောကြောင့် ဗန္ဓရကို ဘာသာပြန်၍
မျောက်ဖြစ်ရလေသည်။ တစ်နေရာမှာလည်း
“မြို” မင်းကြီး၏သား
ငတန်နှင့် ဝရသိဒ္ဓိရှင်ဘုရင်၏ သမီးတော်
ဣန္ဒမာလဟူသော “သက်”
အမျိုးသမီးသာ ဖြစ်လေသည်။
ငဆန္ဒန်တို့ ညီအစ်ကိုတို့ကို ဘီလူးဟု ဆိုရာ၌
စင်စစ်မှာ လူသားစားသောကြောင့် ဘီလူးဟု ဆိုဟန်ရှိလေသည်။ 1 နာနာဘာဝ၊
ဝိနာဘာဝ ဖန်ဆင်းနိုင်သော ဘီလူးမျိုး
မဟုတ်ချေ။ လူသားစားသော
လူတစ်ယောက်ပင် ဖြစ်ချေသည်။
လူသားစားသော ပေါရိသာဒဘုရင်သည်လည်း ဘီလူး
မဟုတ်ချေ။ အမြဲတမ်း
စားလိုသော ရသ-တဏှာကို
မဖြတ်နိုင်သော လူတစ်ယောက်ပင်ဖြစ်သည်။
သို့ဖြစ်၍
လူသားစားလျှင် ဘီလူးဟု
ဆိုခြင်းမှာ မဖြစ်နိုင်ချေ။
“အသားစိမ်း စားဖူးသောသူသည် အကျက်စားသည်ထက်
ခွန်အားဗလကို ပြည့်စုံ၏။
အစိမ်းစားဖန်များလာသော သူသည်
အကျက်ကို မစားချင်တော့ပေ”
ဟူ၍ ပြောစမှတ်ပြုကြလေသည်။ ငဆန္ဒန်တို့
ညီအစ်ကိုလည်း အစိမ်းစား
လျှာကြောလည်လာသောကြောင့် အကျက်စားခြင်းကို အလိုမရှိဘဲ
အစိမ်းစား လျှာကြောလည်သောသူများသာ ဖြစ်ကြသည်။
ရခိုင်ရာဇဝင် အချို့၌
စင်စစ်ဘီလူးဖြစ်လေဟန် ရေးသားကြ၏။
လုံးဝ ယုတ္တိ
မရှိချေ၊ 2
အထက်ပါ ရှင်းလင်းချက်များသည် ဝေသာလီမြို့ပြ နိုင်ငံအား
နှောက်ယှက်ဖျက်ဆီးသော ရက္ခိုက်ဘီလူးတို့၏ ရန်ဆိုသည်မှာ “သြစတြလွိုက်
လူမျိုးနွယ်လား” (သို့)
“သားစိမ်း ငါးစိမ်းစား
လူတစ်စုလား”
ဟူသည့်မေးခွန်းကို ကွက်ကွက်ကွင်းကွင်း ဖြေရှင်းရာ
ရောက်သည့် အပြင်
ရခိုင်ရာဇဝင်များ၌ အရေးအသားပြုကြသည့်
“မျောက်” “ဆတ်”
“ဘီလူး” စသည့်
အယူအဆများကိုလည်း တစ်ကြိမ်တည်း
ဖြေရှင်းရာ ရောက်ပါသည်။
စင်စစ် အဒူမင်းညို၏
ရခိုင်မင်းသမီး ဧချင်းအပိုဒ်
(၆) တွင်
3 “ရခိုင်ဂုမ္ဘန်၊ ငဆန္ဒန်ဆိုးဘီလူးမျိုးကို”
ဟူသည့် အပိုဒ်များကို စကားပြေပြန်သောအခါ
နိပါတ်တော်များတွင် ပါဝင်လေ့ရှိသည့် နာနာဘာဝ၊
ဝိနာဘာဝ “လူသားစား
ဘီလူးများ” ဖြစ်လေဟန်
အဓိပ္ပါယ် အယူအဆလွဲ၍
စကားပြေပြန်ထားကြဟန် တူပါသည်။
“ဆတ်မ” ကိုလည်း
တိရစ္ဆာန်အဖြစ် အဓိပ္ပါယ်
အယူလွဲကြဟန် တူပါသည်။
မြန်မာစာပေ
အနှုန်းအဖွဲ့၌ အတ္ထာလင်္ကာရ၊
သဒ္ဒါလင်္ကာရ ဟူ၍
အနက်ကို တန်ဆာဆင်၍
နှုန်းဖွဲ့ရခြင်း၊ အသံကို
တန်ဆာဆင်၍ နှုန်းဖွဲ့ရခြင်းများ ရှိပါသည်။
ဖော်ပြပါ ဧချင်း၌
စာဆိုအဒူမင်းညိုသည် ဝေသာလီ၏ ရန်ဆူးရန်ငြှောင့်ဖြစ်သော ငဆန္ဒန်တို့
ညီအစ်ကို၏ ဆိုးသွမ်းသောင်းကျန်းမှုကို ကွက်ကွက်ကွင်းကွင်း ထင်ရှားသိမြင်စေလိုသည့်
စေတနာရှိသောကြောင့်လည်းကောင်း၊ ရုန်းရင်းကြမ်းတမ်း၍ လူသားစားသော
ငဆန္ဒန်တို့၏ သရုပ်ကို
ထင်ရှားစေလိုသည့်အတွက် လည်းကောင်း၊
အနက်ကို တန်ဆာဆင်၍
ခိုင်းနှိုင်း ဖွဲ့ဆို
လိုသည့် အတွက်
နာနာဘာဝ၊ ဝိနာဘာဝ၊
စုန်း၊ ဘီလူးများနှင့် ခိုင်းနှိုင်း
ရေးဖွဲ့ထားဟန် တူပါသည်။
ငဆန္ဒန်သည် ဥပမေယျ၊
ဘီလူးသည် ဥပမာ
အဖြစ်ထား၍ တင်စား
နှုန်းဖွဲ့ခြင်းသာ ဖြစ်နိုင်ဖွယ်ရှိပါသည်။ 4
ရခိုင်ရာဇဝင်များလာ
“မြို” လူမျိုးများနှင့် ဆက်နွယ်ပတ်သက်နိုင်သည့် အဖြစ်အပျက်အကြောင်းအရာများကို ခြေရာကောက်
စုစည်းခြင်း ဖြစ်သဖြင့်
မာရယုနှင့် “မြို”
သင်းကြီးအောင်လာတို့၏ ဆက်နွယ်မှုကိုလည်း ဖော်ပြရန်
လိုအပ်မည် ထင်ပါသည်။
မာရယုမင်းသားသည် အဇ္စုနရှင်ရသေ့နှင့် ဣန္ဒမာယု သက်အမျိုးသမီးတို့ မှောက်မှားရာမှ
ဖွားမြင်လာသော မင်းသားဖြစ်သည်။ မင်းသားကို
ဖွားမြင်သောအခါ လေမုန်တိုင်းထလျှက် မိုးကြီးစွာ
ရွာသောကြောင့် အာသံမြစ်ရေလျှံလာပြီး ကစ္ဆပနဒီမြစ်ညာနှင့် ပေါင်းဆက်သွားသဖြင့်
ရသေ့နှင့် ဣန္ဒမာယုနတို့
သားအမိသားအဖ သုံးယောက်တို့မှာ ရေထဲမျောပါသွားကြလေသည်။
မာရယုမင်းသားသည် ဘုန်းကံရှိသောကြောင့် နတ်အပေါင်းတို့၏ စောင့်မမှုဖြင့်
ရေနစ်သေဆုံးခြင်း မရှိဘဲ
ကုလားတန်မြစ်မှ မျောပါလာရာ
မီးဝအောက် “မြို”
ရွာနှင့် မနီးမဝေးသော
တောခြုံငယ်တစ်ခု၌ တင်လေသည်။
“မြို” သင်းကြီး
အောင်လာသည် ညအိပ်မက်အရ
မိမိအိမ်မှ မြောက်စူးစူးသို့ ထွက်လာရာ
သူငယ်ကိုတွေ့၍ ကောက်ယူလာပြီးလျှင် ကောင်းစွာ
မွေးစားလေ၏။ 5 အောင်လာ၏
ဇနီး ဒေါ်ဇံမေမှာလည်း သမီးငယ်တစ်ဦးကို
မွေးပြီးဖြစ်လျက် မပိန်ဟုမှည့်ပြီး မာရယုနှင့်တွဲ၍
နို့တိုက်မွေးစားရာမှ ကြီးပြင်းလာသောအခါ ဖခင်အောင်လာက
လေးအတတ်ကို သက်ပေးသည်။
မာရယုသည် လေးအတတ်၌
အလွန်ကျွမ်းကျင်၏။ “မြို”
အပေါင်းတို့သည် မာရယုမင်းသားအား ချစ်ခင်မြတ်နိုးကြ၍
တောင်ကုန်းပေါ်၌ အိမ်သီးခြားနန်းပုံ ဆောက်လျှက်
မပိန်နှင့် ထိမ်းမြားကြလေသည်။ 6
ထွန်းရွှေခိုင် (စစ်တွေကောလိပ်)
၏ ရခိုင်ရှေးဟောင်းမြို့တော်များ စာအုပ်တွင်
နိုင်ငံရေးအခြေအနေအရ
နိမ့်၍
ကစ္ဆပနဒီ ကုလားတန်မြစ်တလျှောက် စုန်ဆင်းလာခဲ့သော သာကိနွယ်ဝင်
ဒုတိယအုပ်စုသည် ကုလားတန်မြစ်ညာပိုင်းသို့ ရောက်ရှိကြလေသည်။ အဆိုပါအုပ်စု၏
ခေါင်းဆောင်သည် အမြော်အမြင်ရှိ၍ ရှိနှင့်ပြီးသော
လူမျိုးစုနှင့် ရောနှောနေထိုင်ပြီး လူမျိုးစု
ခေါင်းဆောင်၏ သမီးနှင့်
လက်ဆက်သူဖြစ်သည်။ ၎င်းတို့မှ
မွေးဖွားလားသော မာရယုမင်းသားကား စွမ်းရည်သတ္တိနှင့်
ပြည့်စုံသူဖြစ်သည်။ ယခင်ရှိနှင့်ပြီးသော ဝေသာလီကို တိုက်ခိုက်သိမ်းယူပြီး မင်းပြုသည်ဟု
ဖော်ပြပါရှိသည်။ ပထမ
ဓညဝတီကိုလည်း ဘီစီ
၃၀၀၀ ဟူ၍လည်း
ဖော်ပြပါသည်။ 7
မာရယုသည်
သာကီဝင် ဒုတိယအုပ်စုမှ ခေါင်းဆောင်နှင့်
ရှိနှင့်ပြီးသော လူမျိုးစုခေါင်းဆောင်၏ သမီးကို
လက်ဆက်ရာမှ မွေးဖွားလာသည်ဟု ဆိုထားရာ “လူမျိုးစု”
၏ အညွှန်းခံသည်
“သက်” အစရှိသော
အခြားသော မျိုးနွယ်စုများလည်း ဖြစ်နိုင်ပါသည်။
သို့ရာတွင် ရခိုင်မင်းသမီး ဧချင်းလာအရ
“ဘပြုမြိုထီး၊
သင်းကြီးအောင်လာ၊ သည်းချာ
ဒေဝီ၊ သမီးဘီနှင့်”
8
ဟု ဖော်ပြထားခြင်းသည်
“လူမျိုးစု” ဟူသော
စကားရပ်၏ အရည်ညွှန်းခံသည်
“မြို” လူမျိုးသာ
ဖြစ်နိုင်ဖွယ် ရှိပါသည်။
သို့မှလည်း ရခိုင်ရာဇဝင်များတွင် ဖော်ပြပါရှိသည့် ရာဇဝင်ကြောရိုးနှင့်လည်း ကိုက်ညီနိုင်ဖွယ်
ရှိပါသည်။ သို့ဖြစ်၍
မာရယုနှင့် ဆက်စပ်နေသော
လူမျိုးစုကို “မြိုလူမျိုး”
ဟု ယူဆရပါသည်။
မာရယုမင်းသည်
ငတန်၊ ပလက်ကောက်၊
ပက္ကမိ၊ ငရက္ခိုက်တို့နှင့် လည်း ဆွေမျိုးတော်စပ်လျက်ရှိကြောင်း “ဦးရီးတော်”
ဟူသည့် ဆွေမျိုးစပ်
ဝေါဟာရက ဖော်ပြလျက်
ရှိပါသည်။ ထို့ကြောင့်
မီးဝအောက် အနီးအနား
ပတ်ဝန်းကျင်တွင် အခြေချနေထိုင်လျက်ရှိသော မြိုသင်းကြီး
အောင်လာနှင့် ကယက်တောင်စခန်းတွင် မင်းလုပ်အုပ်ချုပ်လျက်
ရှိသည့် မြို့မင်းကြီး ငတိန်ကာ (ငတိန်)
တို့သည် တစ်နည်းတစ်ဖုံအားဖြင့် ဆွေမျိုးစပ်နိုင်ဖွယ် ရှိပါသည်။
9
ထိုမြိုမင်းများအုပ်ချုပ်သော
ကာလကို အတိအကျ
မဖော်ပြနိုင်သော်လည်း မာရယုမင်း
ပထမ ဓညဝတီကို
တည်သည့် ကာလကို
အခြေခံထား၍ ဆက်စပ်ခန့််မှန်းလျှင် ဘီစီ-၃၅၀၀
ပတ်ဝန်းကျင်တွင် ဖြစ်နိုင်ဖွယ်ရှိပါသည်။ “မြို” လူမျိုးများသည် ကုလားတန်မြစ်ရိုး
လမ်းကြောင်းအတိုင်း စုန်ဆင်း၍
လည်းကောင်း၊ မီးချောင်း၊
ရန်ချောင်း၊ သရီချောင်း
(သရေချောင်း) လမ်းကြောင်းအတိုင်း စုန်ဆင်း၍
လည်းကောင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ
အနှံ့အပြားသို့ ပျံ့နှံ့အခြေချ နေထိုင်ခဲ့ကြဟန်တူပါသည်။
ဆမီးချောင်း၊ မီးချောင်း
ဒေသများတွင် ဘီစီ-၃၅၀၀
မှ အေဒီ-၇၇၆
မတိုင်မီ ကာလများအထိ
အခြေတကျ နေထိုင်လျက်ရှိနေသေးကြောင်း သိနိုင်ပါသည်။ သို့ရာတွင်
ထိုကာလများ၌ အုပ်ချုပ်သော
ထင်ရှားသည့် “မြို”
မင်းများကို မသိရချေ။
ရခိုင်ရာဇဝင်ကျမ်းများ၏
ဖော်ပြချက်အရ မာရယုမင်းဆက်၏ ၅၄-ဆက်မြောက်
နောက်ဆုံးမင်းငယ် ပျော်လှစည်သူသည် စောစစ်ဟူသော
မိဖုရားနှင့် ထီးနန်းစည်းစိမ်ကို အုပ်စိုးသည်။
ဓညဝတီမြို့၏ ကိန်းခန်းကုန်သောကြောင့် သိမာနဒီမည်သော သရေချောင်း
လက်ျာကမ်းနား၌
မြို့တည်အုပ်စိုးသည်။ ထို့နောက်
အမတ်ကြီး သုံးယောက်
ပုန်စား၍ လွန်တော်မူ၏။
ထို့နောက်အမတ်ကြီးသုံးယောက်တို့သည် ခြောက်လစီ
အဆင့်ဆင့်မင်းပြုသည်။ 10 မိဖုရား
စောစစ်သည် သမီးတော်ကြီး
သုန္ဒရီ၊ သမီးတော်ငယ်
ဖွားတော်သွေးနှင့် နောက်လိုက်နောက်ပါများကို စုရုံးပြီး
ကံသုံးဆင့်မြို့မှ ထွက်ခွာလာ၍
နီလာပန်းတောင်းမြို့ကို တည်ထောင်
ပြုစု၍ နေကြသည်။
တကောင်းပြည်မှ
အဘိရာဇာမင်းကြီး၏ သားတော်
ကံရာဇာကြီးသည် ထီးနန်းစည်းစိမ်အတွက် ညီတော်
ကံရာဇာငယ်နှင့် ကုသိုလ်စစ်ထိုးကြရာမှ ရှုံးနိမ့်သဖြင့် ကလေးတောင်ညို
အရပ်မှ ဖိုးခေါင်တောင်ကို ကျော်၍ ရခိုင်ပြည်
မီးချောင်းဖျား ကျောက်ပန်းတောင်း တောင်ထိပ်ဝယ်
မြို့ကြီးသာယာစွာ တည်ပြီးလျှင်
မင်းစည်းစိမ်ကို ခံစားတော်မူ၏။ 11 ကံရာဇာကြီးသည်
နီလာပန်းတောင်းမြို့၌ နေနှင့်ကြသော မင်းငယ်ပျော်လှစည်သူ၏ မိဖုရားစောစစ်နှင့် သမီးတော်
သုန္ဒရီ၊ ဖွားတော်သွေး အကြောင်းကို ကြားသိသဖြင့် မင်းကိုယ်တိုင် သွားရောက်ဆောင်ယူ၍ မိဖုရားစောစစ်ကို
ယောက္ခမအရာ၌ ထားကာ သမီးတော် နှစ်ပါးကို မိဖုရား မြှောက်လေသည်။ နီလာပန်းတောင်းမြို့ကို
မိဖုရားစောစစ် တည်ထောင်သည့်ကာလမှာ ဘီစီ-၁၆ ရာစုဖြစ်ပြီး ကျောက်ပန်းတောင်းမြို့ကို ကံရာဇာကြီးတည်ထောင်သော
ကာလမှာ ဘီစီ-(၁၅၃၁-၁၅၀၇) တွင် ဖြစ်သည်ဟု ဖော်ပြသည်။ 12
1- ကေသာရ
၊ ဗေဒါရှင်းတမ်း၊ စာ-၂၀၊ ၂၂
2- ယင်း ၊
စာ-၂၃၊ ၂၄
3- အဒူမင်းညို၊
ရခိုင်မင်းသမီး ဧချင်း ၊ စာ-၁၈
4- စာခေါင်၊
မြိုဘာသာစကား၊ စာ-၂၅
5- မာရယုနှင့်
ဗေဒါရှင်းတမ်း၌ “မာရယု” ဟု အမည်မှည့်ပုံ မပါ။ “ဓညဝတီ ရာဇဝင်သစ်” ၌မူ ဣန္ဒမာယုနတ်မတွင်
ဖွားမြင်သောကြောင့် နတ်တို့ပူးဝင်၍ ပြောသဖြင့် “မာရယု” ဟုအမည်မှည့်ကြောင်း ဖော်ပြသည်။
“ရက္ခပူရ ကြေးမုံကျမ်း” စာအုပ်တွင် ဣန္ဒမာယု သကျအမျိုးသမီးမှ ဖွားမြင်သော သားဖြစ်သောကြောင့်
(မာရယု) ဟူသော အမည်ကို မှည့်ခေါ်ကြလေကုန်၏ဟု ဖော်ပြထားသည်။ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ရွာမှ
ဦးအင်္ဂါအောင် ပြောပြချက်အရမှု မရာ-သောင်၊ ယု-ခေါင်၊ သောင်စပ်ချုံတွင် ကောက်ရသဖြင့် အထိမ်းအမှတ်အဖြစ်
ခေါင်ဖွင့်၍ သောက်ကြရသည်ကို အစွဲပြု၍ “မာရယု” ဟူ၍ “မြို” ထုံးစံနှင့်အညီ အမည်မှည့်သည်ဟု
ဆိုပါသည်။ မရာ-သောင်၊ ယု-ခေါင် (သို့) ခေါင်ရည်
6- (က) ကေသာရ၊
ဗေဒါရှင်းတမ်း၊ စာ-၁၁-၁၄
(ခ)ဓညဝတီ
ဦအောင်ဇေယျ (မြောက်ဦး)၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ-၅၁
7- (က) ထွန်းရွှေခိုင်၊
ရခိုင်ရှေးဟောင်း မြို့တော်များ၊ ရန်ကုန်၊ သိဒ္ဓိမြိုင်စာပေ၊ ၁၉၈၅၊ စာ-၂၇
(ခ) ညိုမြ၊ ကုန်ဘောင်ရှာပုံတော်၊ စာ-၁၅၉
(ဂ) San Shwe Bu, A Brief Note on the old
capitals of Arakan, p.3
8- အဒူမင်းညို၊
ရခိုင်မင်းသမီ ဧချင်း၊ စာ-၁၈
9- လှထွန်းဖြူ၊
ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြောင်း စာတမ်းတွင် တင်းမ၊ တောင်ဘွေဒေသဟု ဖော်ပြပါသည်။
တင်းမ ဘုရင်အောင်လာဟုလည်း ဖော်ပြပါသည်။ စာ-၂၈
10- ညဏ၊ ဓညဝတီသစ်၊
စာ- ၄၁-၄၇
11- (က) မှန်နန်းရာဇဝင်တော်ကြီး၊
ပထမတွဲ၊ မျိုးချစ်စိတ်ဓါတ် ထက်သန်ရေး ပညာပြန့်ပွါးလှုံ့ဆော်ရေးအဖွဲ့၏ စာနယ်ဇင်းအဖွဲ့၊
ပထမအကြိမ်၊ ရန်ကုန်၊ ၂၀၀၃၊ စာ-၁၅၄၊ ၁၅၅
(ခ) ဓညဝတီ ဦးအောင်ဇေယျ၊ ရက္ခပူရ ကြေးမုံကျမ်း၊
စာ-၆၁
12- (က) ထွန်းရွှေခိုင်၊
ရခိုင်ရှေးဟောင်း မြို့တော်များ၊ စာ-၂၉
(ခ) အချို့ကမူ ကျောက်ပန်းတောင်းနှင့် နီလာပန်းတောင်းမှာ
တူဟန် ယူဆကြသည်။ ဒေသခံ “မြို” လူမျိုးများက အဖိုတောင်နှင့် အမတောင်ဟု ခေါ်စမှတ်ပြုကြသည်။
ဒေါက်တာ
ကျော်သိန်း(မြောက်ဦး)
နည်းပြ၊
သမိုင်းဌာန
ရန်ကုန်တက္ကသိုလ်
ရန်ကုန်မြို့။
၉.၁၂.၂၀၀၉
(၁-၃-၂၀၀၁၀
တွင် လ/ထ ကထိက ရာထူးတိုးပြီး ၂၆-၇-၂၀၁၀ တွင်ကွယ်လွန်သည်)
No comments :
Post a Comment