သဘောကောင်းလွန်းတဲ့ကိုကို
သူငယ်ချင်းတစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်နေတုန်း ဖုန်းမြည်လာတယ်…
“တီ… တီ..”
“ဟလို”
“ကိုကိုလား… ချစ်လေးပါ”
“အင်း…” –
“ချစ်လေး ခု ပွဲစားတန်းရောက်ပြီး
ကိုမော်ကြီးတို့နဲ့ တွေ့နေတာ”
“အင်း…”
“အဲဒါလေ ချစ်လေး ခုစီးနေတဲ့ကားကို ကာဒီနာနဲ့ လဲမလားတဲ့၊ အလိုက် 200 ပေးရမယ်တဲ့၊ လဲလိုက်မယ်နော် ကိုကို”
“အင်း… လဲလိုက်”
“ဟယ်…တကယ်၊ ကိုကိုက အရမ်းချစ်ဖို့ ကောင်းတာဘဲ”
“အင်း…”
“ပြီးတော့လေ၊ ပြောရအုံးမယ်”
“ပြော…”
“မနက်ကလေ ကိုကိုထွက်သွားပြီးတော့မှ ဒေါ်ဒေါ်ကြည်ရောက်လာပြီး၊ စိန်လက်စွပ်တစ်ကွင်း လာပြတယ် ကိုကိုရဲ့၊ ဈေးကလည်း 80 ထဲ ဆိုတော့ တန်လွန်းလို့ ဝယ်ထားလိုက်မိတယ် ကိုကို မဆူရဘူးနော်”
“အင်းပါ…”
“ဟီး… ဒါ့ကြောင့် ကိုကို့ကို ချစ်တာ သိလား”
“သိတယ်…”
“ပြီးတော့လေ ခု ဆန်းဒေးကျရင် ဒေစီတို့ မင်္ဂလာဆောင် သွားရအုံးမှာ ကိုကိုရဲ့၊ အဲဒါ ဗိုလ်ချုပ်ဈေးဝင်ပြီး နည်းနည်းဝယ်မလို့၊ ကိုကို့ဘီဒိုထဲက 10 လောက် ဆွဲလာခဲ့သေးတယ်၊ သုံးလိုက်မယ်နော် ကိုကို”
“သုံးလေ”
“ဟယ်… ဒီနေ့ ဒို့ကိုကို အရမ်းနဲ့ သဘောတွေ ကောင်းနေပါလား၊ ခါတိုင်းများ ခုလောက်ဆို ဘီလူးဆိုင်း တီးနေရပြီ၊ ဘာဘဲဖြစ်ဖြစ်လေ ချစ်လေးတော့ လိုချင်တာတွေရလို့ ပျော်တယ်၊ ဒါဘဲနော် ကိုကို၊ အာဘွား…ပြွတ်စ်”
“တူတူတူ…တူ”
ဖုန်းချလိုက်တော့ သူငယ်ချင်းက မေးတယ်……
“မျက်နှာက ပြုံးစိစိနဲ့၊ ဘယ်ကဖုန်းလဲ”
“သိဘူးဗျ၊ ဖုန်းမှားတာ”
…………………………………..

ကိုထုံဒေါသထွက်ရခြင်းအကြောင်းရင်း
တရားရုံးတစ်ခုတွင်ဖြစ်သည်။
နှစ်လောင်းပြိုင်လူသတ်မှုရဲ့တရာခံကို ပြစ်ဒဏ်ချမှတ်ဖို့ တရားသူကြီးက အမိန့်စာကို ဖတ်ကြားနေပါတယ်… …
“မောင်မင်းဟာ…ဇနီးဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုက တစ်ခု…”
“ခွေးသူတောင်းစား”
တရားခွင်ရဲ့ နောက်ပိုင်းနားမှာထိုင်နေတဲ့ ကိုထုံက တရားခံကို ထ ဆဲလိုက်ခြင်းဖြစ်တယ်။
တရားသူကြီးက ကိုထုံ့ကို လှမ်းကြည့်တယ်၊
ဒါပေမယ့် ဘာမှမပြောဘဲ အမိန့်စာကို ဆက်ဖတ်တယ်… …
“မောင်မင်းရဲ့ ယောက်ခမဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုကတစ်ခု…”
“မအေပေး အမျိုးယုတ်” .. ကိုထုံ ထ ဆဲပြန်တယ်။
ဒီတခါတော့ တရားသူကြီးက လှမ်းပြောတယ်… ..
“လူကြီးမင်း၊ ဒါတရားရုံးဖြစ်ပါတယ်၊ ဒီလို ရက်စက်စွာ အသတ်ခံရတဲ့ လူတွေအတွက် ခင်ဗျား ဘယ်လောက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်၊
ဒါပေမယ့် နောက်ထပ် တရားရုံးကို နှောင့်ယှက်မယ်ဆိုရင်တော့ ခင်ဗျားကို အရေးယူရပါလိမ့်မယ်”
“ဟုတ်ကဲ့…နောက်မဆဲတော့ပါဘူး”
တရားသူကြီးက အမိန့်စာ ဆက်ဖတ်မလို လုပ်ပြီးမှ စိတ်ထဲမှာမရှင်းတာနဲ့ ကိုထုံ့ကို လှမ်းမေးတယ်… …
“ဒါနဲ့ နေပါအုံး၊ ခင်ဗျားနဲ့ သေဆုံးသူတွေဟာ ဘယ်လိုများ ပတ်သက်ပါသလဲ”
“ဘယ်လိုမှ မပတ်သက်ပါဘူး”
“ဟင်… ဒါဆို ဘာလို့ ဒီလောက်တောင် ဒေါသတွေ ထွက်နေရတာလဲ”
“ထွက်တာပေါ့ဗျ၊ ဒီကောင်နဲ့ကျနော် အိမ်ချင်းကပ်လျက်နေလာတာ ၁၀ နှစ် ကျော်ပြီ၊ သူ့ဆီမှာ တူ သွားငှားတိုင်း မရှိဘူးချည့် ပြောပြောလွတ်တယ်လေ..”
……………………………………

No comments :
Post a Comment