Sunday, March 10, 2013

တူ၊ တူမလေးများသို့ အိတ်ဖွင့်ပေးစာ



          အားလုံးပါမရာလို့ ဦးလေး နှုတ်ဆက်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့စာအကြောင်းပေအကြောင်း  ဆွေးနွေးကြရအောင်နော်။ ဒီနေ့ကမ္ဘာမှာ အပြောဘာသာစကားပေါင်း (၆၀၀၀) ကျော် အနက်၊ အရေးဘာသာစကား (စာပေ) မရှိသေးတဲ့ ဘာသာပေါင်း (၂၀၀၀) ကျော် ရှိသေးတယ်ဆိုပဲ။ ဒီအထဲမှာ တို့မြိုခမိတွေ မပါတော့ဘူးဆိုရင် အံ့သြနေကြမလားနော်။ ခနဲ့တဲ့တဲ့ ရယ်ချင်သူတချို့တော့ ရှိကြမယ်ထင်ပါရဲ့။ ဒီလိုပုဂ္ဂိုလ်တွေက..
- မိမိကိုယ်ကို စာတတ်ပေတတ်ကြီးလို့ ခံယူတယ်။
- မိမိလူမျိုးကို အထင်သေးပြီး တစ်ပါးအမျိုးသားကို အထင်ကြီးတယ်။
- မိခင်ဘာသာစကားကို မပြောကြတော့ဘူး။
- အများရှေ့မှာ မိမိလူမျိုးခံရမှာကို ရှက်ကြောက်ကြတယ်။
- ဘုန်းကံပါရမီရှိတဲ့ လူမျိုးကြီးတွေမှာဘဲ စာပေရှိနိုင်တယ်ဆိုတဲ့ ကံယိုးမယ်ဖွဲ့အယူအဆ ရှိနေသူတွေ ဖြစ်ကြတယ်။ ဇာတိပကတိမှာ ဒီစိတ်၊ ဒီအတွေးအခေါ်တွေရှိနေကြတာမဆန်းပါဘူးလေ။
          တူ၊ တူမလေးတို့ရယ်-- လူဆိုတာ တစ်ယောက်တည်းနေလို့မရဘူး။ ဒီတော့ကာ လူမှုအဖွဲ့အစည်း (Human Society) ထဲမှာ ကြားခံဘာသာစကား (Media of communication) လိုအပ်လာတဲ့အတွက် အပြောဘာသာစကား (Spoken Language) ကို စတင်အသုံးပြုလာခဲ့ကြတယ်။ လူတစ်ဦးရဲ့စိတ်ကူး (Idea) လူတစ်ဦးရဲ့ခံစားချက် (Feeling) နဲ့ လူတစ်ဦးရဲ့ အတွေ့အကြုံ (Experience) တွေကိုမေးရင်း၊ ဖြေရင်း အပြော ဘာသာစကားကနေ အရေးဘာသာစကား (Written Language) လို့ခေါ်တဲ့စာပေဆိုတာ ပေါ်လာရတယ်လို့ Linguistcs ဘာသာဗေဒပညာရှင်တွေက ပြောပြပါတယ်။
          ဒါဆိုရင် ဒီနေ့ မြိုခမိတွေမှာလည်း အတွေးအခေါ်၊ ခံစားချက်၊ အတွေ့အကြုံများကို ရေးသားဖော်ထုတ်ကြဖို့ ကိုယ်ပိုင်စာပေ မလိုအပ်ပေဘူးလား။ ဒီတော့ မြိုခမိတွေ စာပေဖော်ထုတ်ကြတာ ထူးဆန်းနေလို့လား။ လူမျိုးတစ်မျိုးဖြစ်ရင် စကားရှိမယ်။ စကားရှိရင် စာပေရှိရမှာပေါ့။ အဲဒီစာပေဟာ ဂိုဏ်းဂဏတစ်ခုရဲ့ စာပေမဖြစ်သင့်ပါဘူး။ တစ်မျိုးသားလုံးနှင့်ဆိုင်သော၊ တစ်မျိုးသားလုံးကလက်ခံနိုင်သော စာပေဖြစ်သင့်တယ်လို့ ပြောပါရစေ။
          ဒါပေမယ့် တစ်ခုတော့ရှိတယ်။နေအောက်မှာ ပြုလေသမျှသော အမှုအရာတို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနန္တအမှု၊ လေကို ကျက်စားသောမှု ဖြစ်ကြ၏” (ဒေသနာ ၁း၁၄) လို့ ဒေသနာ ဆရာက ပြောထားပါတယ်။ ဇာတိပကတိအားဖြင့် (ငါအားဖြင့်) ဆိုရင် အခိုက်အတန့််သာ တည်တံ့ပြီး ပျက်စီးဆုံးရှုံးတတ်ကြပါတယ်။ ဒါတွေ ဦးလေး မပြောချင်တော့ပါဘူး။ အတိတ်က သက်သေထူခဲ့ပြီလေ။
          ဒီကနေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်အောက်မှာ ရွေးကောက်ခံ မြိုခမိလူမျိုးတွေအတွက် ဘုရားပေးသောစာပေ ရှိလာခဲ့ပြီ။ ဒါပေမယ့် ဦးလေးပြောလိုတာက ဒီစာပေဟာ ခရစ်ယာန်ယုံကြည်သူများ အတွက်သာမဟုတ်ဘဲ မြိုခမိ တမျိုးသားလုံးအတွက် စာပေဖြစ်တယ်ဆိုတာပဲ။ ဒါကြောင့်လည်း မြိုခမိစာပေ စာသင်ဝိုင်းတွေမှာ ဘာသာဂိုဏ်းဂဏ မရွေး သင်ယူနေကြတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ လူငယ်တွေက ပိုပြီးထူးချွန်တာကို တွေ့ရတယ်။ ဒါက မြိုခမိ စာပေကို ဂိုဏ်းဂဏမရွေး၊ ဘာသာယုံကြည်ကိုးကွယ်သူမခွဲ စိတ်ဝင်စားကြတယ်ဆိုတဲ့ ပြယုတ်တွေပါဘဲ။ စာပေနဲ့ပတ်သက်လို့ အထူးပြောချင်တာက ၂၀၀၆-၂၀၀၇ စာသင်နှစ်မှစပြီး ကျောက်တော်မြို့နယ်၊ ကံချေပြင်ကျေးရွာမှာ ပုံမှန်ကျောင်း (Formal Class) ကို စမ်းသပ်သင်ပြနေပြီဆိုတဲ့ အကြောင်းပါဘဲ။ ဤကျောင်းကို သုံးနှစ်စီမံကိန်းထားမယ်။ သုံးနှစ်အတွင်းမှာ မြိုခမိစာပေသင်ကြား၊ သင်ယူမှုကို အဖြေထုတ်ကြမယ်။ သုတေသနပြုကြမယ်။ သင်ပြတဲ့ဆရာက ဦးကျော်လှိုင် (တောင်မင်းကုလားကျေးရွာ) ဖြစ်တယ်။ ဒီဆရာက မည်သူမျှ ခိုင်းစေချက်မဟုတ်ဘူး။ ထောက်ပံ့မှု မရှိဘူး။ မိမိတို့အမျိုးသားစာပေအတွက် မိမိအသိ၊ မိမိစေတနာဖြင့် အလုပ်အကျွေးပြုနေသူသာဖြစ်ပါတယ်။ အမျိုးသားတစ်ရပ်လုံးအတွက် ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ပါတယ်။
          ဒါကြောင့်မို့ တူ၊ တူမလေးတို့ကို ဦးလေးပြောချင်တယ်။ ဒီကနေ့အိုင်တီ” (Information Technology) ခေတ်ကြီးမှာ သမိုင်းဘီးကို နောက်ပြန်မဆွဲစေချင်ဘူး။ တစ်ဦးတစ်ယောက်၊ တစ်ဂိုဏ်းတစ်ဖွဲ့ လုပ်ဆောင်လို့ရတဲ့ခေတ်ကြီးမဟုတ်တော့ဘူး။ အားလုံးဟာ ဆွေမျိုးသားချင်းတွေ ဖြစ်တယ်။မြိုရယ်ခမိရယ်လို့လည်း မခွဲကြပါနဲ့။ ယုံကြည်ကိုးကွယ်မှုမတူတာတွေကိုလည်း ယိုးမယ်ဖွဲ့ပြီး မခြားနားကြပါနဲ့။ ဂိုဏ်းဂဏအစွဲ၊ ပုဂ္ဂိုလ်အစွဲမထားကြပါနဲ့။ တူညီသောအမြင်၊ တူညီသော ခံစာချက်၊ တူညီသော ဦးတည်ချက်ကို မျက်ခြည်မပျက်ကြပါနဲ့။ စိတ်တူကိုယ်တူ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ခရီးဆက်ကြရအောင်နော်။
          ပြောပြရအုံးမယ်။ တို့ မြိုခမိအမျိုသားတွေမှာ ဝါကုံး၊ တွီရောင်၊ ခါတက်၊ ခတ်သနာ၊ လီခိုင်၊ ပါမနက်၊ အကဲလောင်၊ ခေါင်ဇို၊ ခူးတူပွီဆိုတဲ့ စကားအုပ်စုများ ရှိကြသော်လည်းပဲစာပေကို ဘုံစကားဖြစ်တဲ့ဝါကုံးစကားအုပ်စုဖြင့် တီထွင်ကြရန် ဆရာတော်ဦးပညာဝံ့သ အမှုပြုတဲ့ အမျိုးသားလူကြီးများ၊ အမြော်အမြင်ကြီးစွာဖြင့် စည်းဝေးဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါကို ဥပေက္ခာပြုပြီး ယနေ့တချို့က တွီရောင်နဲ့ တစ်မျိုးခတ်သနာနဲ့ တစ်ဖုံ စာပေလုပ်ရန် လှုံ့ဆော်နေကြတယ်။ နောက်ပြီး Intonation  လို့ခေါ်တဲ့ အသံအနိမ့်အမြင့် ပြဿနာကိုလည်း စာပေကော်မတီမှ မဲခွဲဆုံးဖြတ်ခဲ့ကြပြီးပြီ၊ ပါဝင်တဲ့ဆရာများ၊ လူကြီးများ တစ်ချို့ မသိကျိုးကျွန်ပြုလျက် ကိုယ်လိုရာ ဆွဲပြီး ဇွတ်လုပ်နေကြတယ်။ စိတ်မကောင်းစရာပါဘဲ။ အပြင်ကြားလေသွေးကို ယုံကြည်ကိုးစားနေသူတွေလည်း ရှိသေးရဲ့။ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး၊ ခွပ်နေကြရင် ဘာအကျိုးထူးမှာလဲ။ အထိနာမယ်၊ ပျက်စီးမယ်၊ ဒုံရင်းပြန်ဆင်း နိုင်တယ်ဆိုတာ မစဉ်းစားမိကြဘူးလား။ ရင်နာစရာပါနော်။ မှန်ကန်စွာ ပြောရရင် တို့လူမျိုးထဲမှာ စာပေပညာရှင်ဆိုလို့ ရေတွက်စရာမရှိသေးဘူး။ အနီးစပ်ဆုံးရှိသူတစ်ဦးကလည်း မွန်းတည့်ချိန်မှာ နေဝင်ခဲ့ပြီ။ ပုဂ္ဂိုလ်ရေးကြောင့် တစ်မျိုးသားလုံးအသက်သွေးကြောကို မပိတ်ပင်ကြပါနဲ့။ အမျိုးသားထု ကိုယ်စား အနူးအညွတ် မေတ္တာရပ်ခံပါရစေ။
          တူ၊ တူမလေးတို့ရယ် လူဆိုတာ တဘက်သားရှင်းပြတာကို ဂရုမစိုက်ပဲ မိမိအတ္တစွဲ တစ်ခုတည်းနဲ့ ပုဂ္ဂလဓိဌန်ဆုံးဖြတ်ချက် ချတတ်သူတွေက ခက်တော့ခက်ပါတယ်။ ဒါပေမယ့် အခု C.O.C ကော်မတီကြီးမှာ စာပေကော်မတီဖွဲ့စည်းလိုက်ပြီဆိုတဲ့ သတင်းကောင်းကြားရလို့ အားရဝမ်းသာကြိုဆိုပါတယ်။ ပရက်(စ်)ဘီတေးရီးယန်းအသင်းတော်၊ မရာဧဝံဂေလိအသင်းတော်နဲ့ နှစ်ခြင်းအသင်းတော်တွေမှာ ကော်မတီဖွဲ့လို့ စာပေပြန့်ပွားရေးကို အထောက်အကူပြုနေတာကြာပါပြီ။ စာပေဘီးလည်ပတ်နိုင်ဖို့ရန် ဂိုဏ်းဂဏပေါင်းစုံနဲ့ အမျိုးသားထုတရပ်လုံးက တက်ညီလက်ညီ လက်တွေ့ဆောင်ရွက်နိုင်ကြဖို့ အမျိုးသားစာပေကော်မတီမှ လှိုက်လှဲစွာ ကြိုဆိုလျှက်ပါ။ ကျေးဇူးတင်ပါတယ်။
          ဤနေရာမှာ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ စာပေခံယူချက်ကို တူ၊ တူမလေးတို့ မျှဝေခံစားနိုင် စေဖို့ရန် ထပ်တူပြုပြီး ဖော်ပြလိုပါတယ်။ “ဇီဝဇိုး တို့သည် ပင်လယ်အဏ္ဏဝါအနှံ့၊ တောတောင်အနှံ့ ပျံသန်းကာ သူခိုနားရာ ကျောက်တောင်သို့ ပျံလာ၏။ သူ၏အသိုက်အား အာခေါင်၌ ဖြစ်သောအာစေးကို အန်ထုတ်၍ အသိုက်ပြု၏ တစ်ခါတစ်ရံ အန်ရလွန်း၍ ထိုအာစေးတွင် ရင်မှသွေးပင်ပါ၍ လာတတ်သည်။ ထိုငှက်သိုက်ကို စားသုံးသူလူသားတို့အဖို့ အင်အားပြည့်စုံကာ ရသာထူးနှင့် ပြည့်စုံလှ၏။ သို့သော် စားသုံးသူလူသားတို့၌ ခွန်အားဗလပြည့်စုံသည် ဆိုငြားအံ၊ ဤရင်မှ သွေးချောင်းပင်စီးပါစေ။ သေသည် အထိ အန်ထုတ်သွားကြမည်ဖြစ်၏” (ခင်နှင်းယု၊ စာပေဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၁)၊ ၁၉၉၅ ခု)
          ဤနေ့အမျိုးသားစာပေမှာ ပါဝင်လုပ်ဆောင်နေကြသူတွေလည်း မည်သူကမျှ တိုက်တွန်းတာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ မဟာတာဝန်ပေးစေခိုင်းချက် (ဝါ) သမိုင်းပေးတာဝန်တစ်ရပ်ကို မိမိအသိ၊ မိမိခံယူချက်နဲ့ ပါဝင်ဆက်ကပ်ကြိုးစားလုံ့လပြုနေကြခြင်းသာ ဖြစ်ပါတယ်။ နိဗ္ဗေဒ၊ သင်္ကာ စိုးစဉ်းမျှ မဖြစ်ကြပါကုန်လင့်။
                                                                             တူ၊ တူမလေးတို့ရဲ့ ဦးလေး
                                                                                      ထင်းအောင် (ကျောက်တော်)

ခါနာန်လမ်းသစ်မဂ္ဂဇင်း၊ အမှတ် (၁၀) ၂၀၀၇  မှ ပြန်လည်တင်ပို့သည်။

1 comment :

  1. I'm so appreciate that post I have a chance to read.Thanking you that you create and share on behalf of our Mrokhami community.keep on trying and upload all about Mrokhami activities.I like sayagyi htin aung.please say hello to saya hla bann aung instead.

    ReplyDelete