Wednesday, March 27, 2013

မြုံလူမျိုးရှာပုံတော် (၃)


        ဦးကုလား မဟာရာဇဝင်ကြီးတွင်လည်း မြုံတို့အကြောင်းကို ဖော်ပြထားသည်ကို လေ့လာနိုင်ပါသည်။ တပင်ရွှေထီးနှင့် မင်းဘ() မင်းပါးကြီးတို့မှာ ခေတ်ပြိုင်မင်းတို့ဖြစ်သည်။ တပင်ရွှေထီးမှာ ရခိုင်ပြည်နယ်သို့ စစ်ချီလာရာ၊ ရခိုင်ဆရာတော်လေးပါးက တပ်ရွှေထီးအား စစ်မတိုက်ရန် ပန်ကြားခဲ့သည်။ ဤအကြောင်းနှင့် ပတ်သက်၍ လေ့လာကြည့်လျှင်-
   ဓညဝတီပြည်ကြီးသည် စစ်သည် ဗိုလ်ပါဆင်လုံးမြင်းလုံးများလှသည်။ လက်နက်ကိရိယာလည်း ထူထပ်လှသည်။ အဆောတလျင် လုပ်ကြံတော်မူသော်လည်း ရတော်မူနိုင်လိမ့်မည်မဟုတ်၊ အရှည်ကြာ လုပ်ကြံရမည်လည်း ရခိုင်ဘုရင်နှင့် မြုံဘုရင်သည် သမီးယောက်ဖရင်းဖြစ်သည်။ ရခိုင်မြို့ကို ရံတော်မူသည့် အကြောင်းကို မြုံဘုရင်ကြားသိလေသော် ကြည့်၍နေမည်မဟုတ်၊ ရေအားကြည်းအားဖြင့် မြုံ ဘုရင် ချီလာ၍ လုပ်ကြံချေသည်ရှိသော် ရဲမက်တော်တို့သည် စစ်နှစ်ဘက်ညှပ်မရှိချေပြီလော ဟူ၍ ရေးသားထားသည်။
  အောက်ခြေမှတ်စုတွင် မြုံဘုရင်ဆိုသည်မှာ ရခိုင်ပြည်နယ်မြောက်ဘက် သက်တို့နေရာ မစ္ဆဂီရိနယ်ပယ်ကို မြုံလူမျိုးခေါ်သည်။ သက်နှင့် မြုံမှာ အတူတူပင်ဟူ၍ ရေးသားထားသည်။ သက်နှင့် မြုံလူမျိုးမှာ လူမျိုးတစ်ခြားစီဖြစ်ကြောင်း ကဗျာလင်္ကာဧချင်းရတုကျောက်စာတို့တွင် ပြဆိုပြီး ဖြစ်ရာ လူမျိုးကွဲမူရှိသည်မှာ ထင်ရှားလှပေသည်။
          မှော်ဘီဆရာသိန်း၏ နှောင်းဖြစ်စာတမ်းတွင် ရှေးအခါက ပြေ(ပြည်)မြို့ပတ်ဝန်းကျင်၌ ပျူ ကမ်းယံ ချင်း သက် မြုံ ကသည်း လူမျိုးတို့ နေထိုင်ခဲ့ကြကြောင်းကို အဆင့်ဆင့် သက်ကြီးတို့ ပြောကြသည်ဟု ရေးသားထားပါသည်။
          သခင်ဋိကာ၌လည်း ဓညဝတီရာဇဝင်တို့မှာ မြန်မာပြည်ကို အရှေ့ပြူ(ပျူ)ဟူ၍ရေးသားကြသည်ကို လည်း အာရုံတစ်ခုပြုကြရသည်။ ရှေးသူတော်ကောင်းတို့ အစဉ်ပြောသည်ကား ရခိုင်တို့နှင့် မြုံတို့ပြိုင်၍ ဘုရားတည်ကြရာတွင် မြုံတို့က အလျင်ပြီးသကဲ့သို့ ထင်အောင်ကြံ၍ လုပ်လေသောကြောင့် မြုံတို့မှာ မြန်လှမာလှပေ၏ဟု ဆိုထားသည်ကို ကြားဘူ၏။ စာပေ၌ကား မတွေ့ဘူချေ။ သဘောထောက်သော် မြုံလူမျိုး မြန်မာလူမျိုး တစ်ခြားစီဖြစ်၍ လူမျိုးတစ်ရာ့တစ်ပါးဖြစ်သည်။ ကာလကြာလေပြီးထင်သည်ဟူ၍ ရေးသားထားသည်ကို မှတ်သားရသည်။
  ဦးအောင်သာဦး၏ ရခိုင်ရာဇဝင်သစ်တွင် ဒါးဝယ်(ထားဝယ်)လူမျိုးသည် မြုံလူမျိုးအနွယ်ဖြစ်၍ ရိုးဖြောင့်ခြင်း စသည်ဖြင့်လည်းကောင်း၊ မြုံလူမျိုးမှာ ရခိုင်လူမျိုးပင်ဖြစ်သည်ဟူ၍ ရေးသားထားသည်။ ရခိုင် ထားဝယ် မြုံလူမျိုးတို့မှာ လူမျိုးတစ်ခြားစီ ဖြစ်သည်။ မြုံနှင့်ထားဝယ်လူမျိုးမှာ မည်ကဲ့သို့ ဆက်စပ်မှုရှိသည် ကို လေ့လာရန်လိုအပ်နေသေးသည်။
          တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ရခိုင်) စာအုပ်တွင် အာသံနယ်နှင့် နီးစပ်သော ဗိုလ်မင်းထောင် သက်ထောင် ဖလန်ထောင် မြုံထောင် ခေါ် အရပ်များရှိ ရခိုင်များဖြစ်ကြသည် ဟူ၍လည်းကောင်း၊ သက်များသည်လည်းကောင်း၊ မြုံများသည်လည်းကောင်း၊ အားလုံးရခိုင်နှင့် တစ်နွယ်တည်းမှ ဆင်းသက်လာကြသူများဖြစ်ကြသည်။ ယင်းလူမျိုးများအားလုံးသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်ဟူ၍ ရေးသားထားသည်။
          မြောက်ဦးလမ်းညွှန်တွင် ဘစောဖြူကွယ်လွန်ပြီးနောက် (၄၈) နှစ်အတွင်း ရခိုင်ပြည် သက်မင်း၊ မြုံမင်း၊ စစ်တကောင်းနှင့် ဘုညားကြီး ဘင်္ဂ ၁၂ မြို့တို့ကို လက်လွတ်သွားရသည်သာမက ပြည်တွင်းမငြိမ်သက်မှု သွေးကွဲမှုများ ရှိလာပြန်သည်ဟူ၍ မှတ်သားရသည်။ မြောက်ဦးသမိုင်း အဓိကဖြစ်စဉ်တွင်-
                  အေဒီ ၁၅၁၃ ပုရိန်သက်တို့ ပုန်ကန်ခြင်း၊ မြုံ မင်းက စစ်တကောင်းကို သိမ်းယူခြင်း။
                 အေဒီ ၁၅၈၆ မြုံမင်း ပြည်ကို တိုက်ခိုက်သိမ်းသွင်းခြင်းဟူ၍ ပါရှိရာ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် မြုံလူမျိုးမှာ ကင်း၍မရချေ။
     ဒေါက်တာသန်းထွန်း၏ အသစ်မြင်ဗမာသမိုင်းစာအုပ်တွင် သက္ကရာဇ် ၈၆၀ လောက်က လူမှုရေးသမိုင်း၌ ကူကျောက်စာပါလူမျိုးစာရင်းကို ဖော်ပြထားသည်။ ယင်းလူမျိုးများမှာ ကသည် ကရင် ကူလာ ကန်တူ ကြွံ ခရင် ချင် စကြင် တနု တရုတ် တန်လိုင် တောင်သူ နဂါ ပည် ပအိုဝ် ဖိုင် ပန်သေ ပေါင်လောင် ပျူပြင် ဖြုံမ်နကျာ မြံမာမြုန်ရခိုင် ရောက်ဆွဲ လဝ လင်ခြောက် သက်သျှံ စသည်ဖြင့် လူမျိုးများကို ရေးသားထားရာ မြုံကို မြုန် ဟူ၍ ရေးသားထားသည်ကို လေ့လာနိုင်ပေသည်။
        ဗန်းမော်တင်အောင်၏ ပုဂံရွှေပြည်စာအုပ်တွင်လည်း ထိုအချိန်က ရခိုင်ဓညဝတီအစရှိသော အနောက်တလွှား၌ နေကုန်သော မစ္ဆဝီရိသက်မြုံပန်းတဝါးတို့ သည် ခြားနားရိုင်းပြလျှက်ရှိကြပြီးဟူ၍ ရေးသားထားသည်။
          မြန်မာ့ရာဇဝင်အဆိုအရ မြန်မာနိုင်ငံတွင် လူမျိုးတစ်ရာ့တစ်ပါး ရှိကြောင်း ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် ပထမဦးစွာ ဖော်ပြထားသည်။ စွယ်စုံကျော်ထင်ကျမ်းတွင် လူမျိုးတစ်ရာ့တစ်ပါးနှင့် ပတ်သက်၍ မြန်မာ (၇)မျိုး ရှမ်း (၃၀) မျိုးနှင့် ကုလားမျိုး (၆၀) ရှိကြောင်း ရေးသားထားသည်။ လင်္ကာစပ်ဆိုထားရာတွင် မြန်မာသတ္တ မွန်လလေးဝနှင့် ရှမ်းကသုံး ဆယ် ခြောက်ဆယ်ကုလား ရာ့တစ်ပါးဟူ၍ ဖော်ပြထားသည်။ ဇမ္ဗူဒီပ ဥဆောင်ကျမ်းတွင်မူ ရှမ်း ယွန်း ကွေူး တရုတ် တရက် ရခိုင် ပလောင်ကြီး ပလောင်ငယ် ချည်း အင်ကျည် ဓနု လင်ဒါတောင်ကြီးဟူ၍ လူမျိုး ရ၅ မျိုးရှိကြောင်း ရေးသားထားသည်။
          ဒဂုန်ခင်ခင်လေးက ပျူကမ်းယံ သက်တို့ဟာ ပထမခေတ်က ဗမာကြီးတွေလိုဘဲလို့ ယူဆကြတယ်။ အဲသူတို့မှတဆင့် ပွားများလာသော ဗမာမျိုးမှာ ကချင် ယော ရခိုင် ချင်း ရှမ်း ပလောင် ကရင် တောင်သူ မွန် မြန်မာ ဖြစ်ပါတယ်လို့ ရေးသားထားပါသည်။ နဝဒေးကြီး၏ မနော်ဟာရီပျို့တွင် သရေခေတ္တရာ မဟာနာဂ ရွှေပြည်မကို တစ်ရာ့တစ်စင်း မင်းတို့သခင်ဟူ၍ စပ်ဆိုထားရာ လူမျိုးနှင့် မင်းအရေအတွက်ကို ထပ်တူပြုထားပါသည်။ မြန်မာ့သံယောဂဒီပနီကျမ်း (ရစ်ပင့်ဋိကာ) တွင် မူလဘာသာယ တစ်ရာ့တစ်ပါးသောဘာသာများတွင် အရင်းအမြစ်ဖြစ်သော မာဂဓဘာသာယ တပါးအလွန်ရှိသော လူမျိုးတို့၏ ဘာသာစကားဟူ၍ ရေးသားထားသည်။
          လူမျိုးတစ်ရာ့တစ်ပါးနှင့်ပတ်သက်၍ ဂါထာခြောက်ဆယ်မျိုးတွင် “တစ်ရာ့တစ်ပါး အမျိုးပြားသား ပုဏ္ဏားမြန်မာ ဗျပါစင်းကြန် ကြန်တန်ပျော့ဂျွမ်း ကမ်းယံပြု “မြုံ” သထုံတလိုင်း စဉ်တိုင်းသက်သား ကုလားပန်းသေး ရပ်ဝေးကျည်းလို သိန်းးယိုဠ်ဗာလီ ဗောဓိပင်ကာ ဘာသာသင်းတွဲ ရပ်လှဲတစ်ထူး ကန်းတူးနားဘက် တရက်သူလှီ ဇာလီအဘက် အိပ်ပက်စဏ္ဏား ယိုးဒယားနှင့် အခြားသင်္ဘော ပလောင်လဝ သုဗ္ဘထူဆန်း ရှမ်းယွန်းဦးပြည်း မျက်နှာမည်းနှင့် ကသည်းကရင် စုံအင်ချင်းလင်း တနင်္သာရီ ဇော်ဂီသိပ္ပံ ကုလာနဟု တစ်ရာ့တစ်ပါး ပြားသားအထွေ” ဟူ၍စပ်ဆိုထားရာ ရခိုင်ပြည်နယ်ရှိ “မြုံ” သက်လင်း (လင်းကဲ) နှင့် ချင်းလူမျိုးတို့လည်းပါဝင်ပေသည်။
    စွယ်စုံကျော်ထင်ကျမ်းတွင် လူမျိုးတစ်ရာ့တစ်ပါးနှင့် ပတ်သက်၍ “ရာ့တစ်ပါးတိုး လူအမျိုးဆိုရိုးဘယ်ကျမ်း လာသနည်း” အမေးပုစ္ဆာကို “တစ်ရာ့တစ်ပါးလူမျိုးကို မှတ်သားကုန်လင့် နိဒါန်းဖွင့်ပိမ့် ယောနှင့် ရခိုင် နှိုင်းပြိုင်ထားဝယ် ဘရယ်တောင်သူ ပြောပြူ ကမ်းယံ ခုနှစ်တန်ကိုမြန်မာမုချ ရေတွက်ဆလော၊ မွန်တမွန်ည မွန်နမွန်သိ မှန်ဘိလေးရိုး “တလိုင်း” မျိုးတည်း၊ ရှမ်းမျိုးခေါ်မည် ယွန်းဂင်လင်းဇင်း ချင်းနှင့် ကရင်ကချင်ကလည်း မျက်နှာမည်း “မြုံ” ကုံငယ်ကော်ထုတ် တရုတ်တရက် လဟတ်လဟောက် သောက္ကတဲဘူ ဓနုလူနှင့် ခေါ်ယူမှတ်ပိုက် လဝိုက်လဝါ သညာမည်တွင် အင်ကျယ်အပ်ကျယ် တသွယ်ပလောင် ထပ်နှောင်ဆင့်ပွါး ယိုးဒယားတစ်ဦး ကတူးနှင့်သက် ရေထွက်မယိမ်း ဇဗိန်းဇဝါများစွာ ပေါင်းသင်းတင်္သာရီ ရေထွက်သီသော် ခေါ်ညီထွင်ရိုး ရှမ်းမျိုးသုံးဆယ်ဟူ၍ လည်းကောင်း။
          ကုလားဝယ်ကား ကလယ်ပသီ ဘရင်ဂျီနှင့် ဇော်ဂီမာလီ ဘော်ရီဟိန္ဒူ ရေးဆူသောထုတ် လဟုတ်ဒေါရား ပုဏ္ဏားပသူး တရူးကန္တီ တသပီပြင် ဟာရီလာကာ ဝေသာခါနှင့် မဋိစာယာ ဥစ္စာတာက စဒ္ဓစင်းကြံ သုတ္တံဗျာပါ မိစ္ဆာဆက ဦးပြဲအိပ်ကပ် ကလပ်ဒေါဏ ပိစ္ဆဒေလာ ဒါရကာပန္တေ မန္တေခြေချုပ် ဟိန္တုတ်လှဘဲ သင်းတွဲ တတုံ မှတ်ယူလောယာ ဒေါရဏာနှင့် လေန္တိတာဘော်ပန်လ ဝါခန္တီ တာလိကျန်တန် ဇဟူတန်က သူတန်တလံ ဇော်ဟဏံနှင့် ပရမံပိဏ္ဍိတ် ဘိတ်က ရေဆ ဖုဿဘဂါင်္လီ ဗာရဏာသီ စုံစီထိုထို သိန်းခိုအင်္ဂလိပ် ခြောက်ကျိပ်မျိုးပြား ကုလားအနွယ် မှတ်ဘွယ်မှန်လှ တစ်ရာ့တစ်ပါး လူမျိုးများကို စကားသိမ်းရုံး အကျဉ်းချုံးသည် နည်းထုံးစဉ်လာ ဥဒါန်းတည်း ဟူ၍ ရေးသားထားသည်။
          အထက်ပါကဗျာလင်္ကာကိုကြည့်လျှင် မြုံလူမျိုးကို ရှမ်းမျိုး (၃၀) တွင်ထည့်သွင်းထားပါသည်။ ရှမ်းလူမျိုးမှာ တောင်ပေါ်သားများဖြစ်ရာ ယေဘုယျအားဖြင့် ကရင် ကချင် ချင်း သက် လူမျိုးများကဲ့သို့ “မြုံ” လူမျိုးကိုလည်း တောင်တန်းနေလူမျိုးအဖြစ် ရေတွက်ထားခြင်းဖြစ်တန်ရာသည်။ ကုလားခြောက်ဆယ်ကို ပြန်ကြည့်လျှင် အိမ်နီးနားချင်းဖြစ်သော ယခင်အိန္ဒိယတိုက်သားများ လာရောက်နေထိုင်သည်က များသည်။ ဘရင်ဂျီ (ပေါ်တူဂီ) နှင့် အင်္ဂလိပ်လူမျိုးစသော ဥရောပတိုက်သားများကိုလည်း ရေတွက်ထားသည်။ ကုလားဆိုသည်မှာ နိုင်ငံခြားသားများ ကို ယေဘုယျအားဖြင့်ဆိုလိုသည် များသောအားဖြင့် အိန္ဒိယနယ်သား များကို ကုလားဟုခေါ်သည်။
          အိန္ဒိယတိုက်နယ်သားများမှာ လူဦးရေတိုးပွားမှုများပြီး လူဦးရေထူထပ်သဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်သော တိုင်းတစ်ပါးသားများဖြစ်သည်။  အိန္ဒိယတိုင်းရင်းသားများမှာ ဇာတ်စနစ်နှင့် အနွယ် ကလည်းများရာ မြန်မာလူမျိုးများစာရင်းတွင် ကုလားလူမျိုး (၆၀) ကို ထည့်သွင်းထားသည်။ မြန်မာရာဇဝင်တွင် ပုဂံခေတ်က ပါရှိသော ကုလားများမှာ ဟိန္ဒူအနွယ်များဖြစ်ကြ သည်။ မြန်မာတို့မှာ ဘာသာရေးနှင့် ယဉ်ကျေးမှုမှာလည်း နှီးနှောမှုဆက်စပ်မှုရှိခဲ့ရာ အိန္ဒိယနှင့် ကင်း၍မရချေ။ မြန်မာပြည်သားများမှာ ရှေးကတည်းက မဇ္စိုမဒေသမှာလည်း ရောက်သူများ ဟူ၍လည်းကောင်း ဇမ္ဗူဒီပလက်ယာ တောင်ကျွန်းသားများဟု ယုံကြည်ခဲ့ကြသည်။ 




စိန်သာထွန်း (မြောက်ဦး)
ဦးစိန်သာထွန်း
၁၂/ဗဟန(နိုင်)၀၂၀၆၀၉
တိုက်-၂၁ (ဃ)၊ စံပယ်ရိပ်သာ
ကာကွယ်ရေးဝန်ကြီးဌါန
နေပြည်တော်

No comments :

Post a Comment