Wednesday, March 20, 2013

မြုံလူမျိုးရှာပုံတော် (၁)


 
          မြန်မာအဘိဓာန်တွင် ရာဇဝင်ဆိုသည်မှာ မင်းစဉ်မင်းဆက် အကြောင်းအရာမှတ်တမ်းဟူ၍ လည်းကောင်း၊ သမိုင်းဆိုသည်မှာ နိုင်ငံလူမျိုးအဆောက်အအုံစသည်ဖြစ်စဉ်တို့ကို လေ့လာသော ပညာရပ်ဟူ၍လည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ရာဇဝင်နှင့် သမိုင်းဟူသော စကားရပ်တို့မှာ မြန်မာစကားရင်း မဟုတ်ဘဲ ရာဇဝင်နှင့် သမ္မုတိဟူသော ပါဠိစကားတို့မှ ပြောင်းလဲလာသော စကားဖြစ်သည်။
ရှေးအခါက ရာဇဝင်ဟုခေါ်ဆိုခဲ့ပြီး ယခုခေတ်တွင် သမိုင်းဟူ၍ ရေးသားကြသည်။ နိုင်ငံတိုင်း လူမျိုးတိုင်း လူ့ဘောင်အဖွဲ့အစည်းတိုင်းတွင် အတိတ်ဟူသော ခေတ်တစ်ခေတ်ရှိခဲ့သည်။ ယင်းနိုင်ငံလူမျိုးလူ့ဘောင်အဖွဲ့အစည်းတိုင်း၏ အခြေအနေမှန်ကိုသိရှိရန် ပစ္စုပ္ပန်သက်သက်ကိုကြည့်၍ လေ့လာသုံးသပ်ကောက်ချဆွဲလျှင် မပြည့်စုံပေ။ အတိတ်ကာလ၏ ဖြစ်စဉ်ဖြစ်ရပ်များကို သိရှိနိုင်ရန်လည်း အထူးလိုအပ်ပေသည်။ ရှေးကရာဇဝင်မှတ်တမ်းများရှိခဲ့၍ ယနေ့သမိုင်းမှတ်တိုင်အဖြစ် ကျန်နေသည် ဆိုသည့်အချက်ကို သတိပြုအပ်ရာသည်။
          ယနေ့မြန်မာနိုင်ငံသမိုင်းကို လေ့လာရာ၌ ရှေးကရာဇဝင်များကို ပစ်ပယ်၍မရစကောင်း၊ ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော်မှာရှေးအကျဆုံး ဖြစ်သည်။ သမိုင်းဆိုင်ရာအချက်အလက်အနေဖြင့် မပြည့်စုံသော်လည်း မှတ်တမ်းအဖြစ်ထားရှိအပ်ပေသည်။ ဦးကုလားမဟာရာဇဝင်ကြီး သာမရှိခဲ့လျှင် မှန်နန်းရာဇဝင်ကြီးဟူ၍ ပေါ်ပေါက်စရာအကြောင်းမရှိပေ။ ထိုနည်းအတူ တွင်းသစ်ရာဇဝင်သစ် ဒုတိယမဟာရာဇဝင်ကြီးနှင့် ကုန်းဘောင်ဆက်မဟာရာဇဝင်ဟူ၍ လည်းရှိမည်မဟုတ်ချေ၊ အဟောင်းသည် အသစ်ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းဖြစ်သည်။ အဟောင်းကို အခြေမခံပဲ အသစ်ပေါ်ပေါက်နိုင်ခြင်းမရှိနိုင်၊ ရာဇဝင်ကျောက်စာကမူလကျသည် ပို၍ခိုင်သည်ဟု ဆိုပါသည်။ ရာဇဝင်မသိ ကျောက်စာနှင့်ညှိ ဟူ၍ အဆိုရှိသည်။
          မြင်ကပါကူပြောက်ကြီး () မြစေတီ () ရာဇကုမာရ ကျောက်စာမှာ မြန်မာသမိုင်းအတွက် အခိုင်မာဆုံးကျောက်စာဖြစ်သည်။ ယင်းကျောက်စာတွင် မြန်မာ မွန် ပျူ ပါဠိ ဘာသာလေးမျိုးဖြင့် ရေးသားထားသည်။ ကျောက်စာများနည်းတူ ရတုကဗျာ ဧချင်းပျို့များမှာလည်း သမိုင်းကွင်းဆက်အဖြစ် မှတ်သားနိုင်သည်။ အလားတူ လျှောက်ထုံးမှာလည်း ရာဇဝင်မှတ်တမ်းဖြစ်ရာ ဘိုးရာဇာလျှောက်ထုံးများမှာ ခရစ်နှစ် ၁၇၈၁ ခုတွင် ရေးသားခဲ့ရာ မှန်နန်းရာဇဝင်ထင်စောနေသည်။ ထိုနည်းအတူ စကားသာရှိပြီး စာဖြင့် ရေးသားမထားခဲ့သော ပါးစပ်ရာဇဝင်ကိုလည်း လေ့လာရပေအုံးမည်။
          မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသည်။ မြန်မာကို ကမ္ဘာကသိအောင် ကြိုးပမ်း အားထုတ်သလို မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးအချင်းချင်း နှီးနွယ်မှုဆက်စပ်မှုတို့ အပေါ် မူတည်၍ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ချစ်ကြည်ရင်းနှီးမှု ရရှိပေမည်။ ပြည်နယ်များအနေဖြင့် ရှိနေသော ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန် လူမျိုးစုကြီးများ အကြောင်း မျှကို သိရုံနှင့် မပြီးပဲ၊ တိုင်းနှင့်ပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီးတို့၏ အကြောင်းကိုလည်း လေ့လာရန်လိုအပ်ပေသည်။ လူမျိုးစုအသီးသီးကို သမိုင်းအမြင် ဘာသာဗေဒနှင့် မနုသဗေဒရှုထောင့်များမှ သုတေသနပြုပြီး မှတ်တမ်းတင်ထားသင့်သည်။
          ကိုလိုနီခေတ်မတိုင်မီနှင့် ကိုလုနီခေတ်တွင် နိုင်ငံခြားသားကုန်သည်များ၊ သာသနာပြုများ၊ ကုမ္ပဏီများမှ ကိုယ်စာလှယ်များ အစိုးရအမှုထမ်းများက မြန်မာနိုင်ငံသမိုင်းကို ရေးသားခဲ့ကြသည်။ ဤသို့ ရေးသားရာတွင် ယင်းတို့၏ ဘာသာရေး၊ စီးပွါးရေး၊ နိုင်ငံရေးအကျိုးအတွက် ရှုထောင့်အမျိုးစုံမှ အဆိုးအကောင်း ရောပြွမ်းရေးသားထားသည်။ တိုင်းရင်းသာအချင်းချင်း အထင်အမြင် မှားစေရန် သွေးထိုးလှုံဆော်ပြီး ရေးခဲ့သလို စနစ်တကျ သုတေသနပြုပြီး မှတ်တမ်းတင်ခဲ့သည်လည်းရှိသည်။ လူမျိုးစုများ၏ သမိုင်းကြောင်းဆိုင်ရာတို့ကိုလည်း အမြင်အမျိုးမျိုးဖြင့်ရေးသားခဲ့ကြသည်။
          ယနေ့မြန်မာလူမျိုးတို့သည် ဇာတိမာန်ကျဆုံးနေချိန်ဖြစ်သည်။ မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက် ရေးအတွက်  ဇာတိသွေး ဇာတိမာန် ပြန်လည်နိုးကြားလာစေရန် လှုံ့ဆော်နေရသော အချိန်ဖြစ်သည်။ နိုင်ငံချစ်စိတ် အမျိုးချစ်စိတ် တဖွားဖွားပေါ်ပေါက်လာစေရန်နှင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးလာစေရန် နိုင်ငံတော်မှ စာအုပ်စာတမ်းများကို အများအပြားထုတ်ဝေခဲ့သည်။ စာပေမြင့်မှ လူမျိုးတင့်သည် စာပေအခြေတင့်မှ လူမျိုးမြင့်မည် စာပေယိုင်က လူမျိုးလည်းမခိုင်မြဲပဲ ပြုလုပ်နိုင်ပါသည်။ တိုင်းရင်းသားလူမျိုးစုတိုင်း ဖွံ့ဖြိုးတိုးတက်ရေး အဓိကမဏ္ဍိုင်မှာ စာပေဖြစ်သည်။ လူတိုင်းလူတိုင်း စာတတ်ပါမှ အမြင်ကျယ်လာပြီး မိမိတို့နိုင်ငံသမိုင်း တိုင်းရင်းသားလူမျိုးများ၏ အကြောင်းကို သိရှိနားလည် လာပေမည်။ မြန်မာစာပေမှာ တိုင်ရင်းသားလူမျိုးအချင်းချင်း ကူလူးဆက်ဆံရေး၏ ပေါင်းကူးတံတား ဖြစ်သည်။
          သီပေါမင်းပါတော်မူသည့်ခေတ်မှာ မြန်မာများစည်းကမ်းဖေါက်၍ ထီးနန်းပျောက်ခဲ့ရသော်လည်း ယနေ့မြန်မာများစည်းကမ်းဖေါက်ပါက တိုင်းပြည်လည်းပျောက် လူမျိုးလည်းပျောက်မည်ဆိုသည့်အချက်ကို အထူးဂရုပြုသင့်သည်။ မြေမျို၍ လူမျိုးမပျောက် လူမျို၍ လူမျိုးပျောက်မည့်အရေးကိုလည်း အလေးမူသင့် ပေသည်။ အမျိုးချစ်စေရန် လူမျိုးစစ်ဖို့လိုပေမည်။ သွေးနှောခံရသူ ကပြားများ များပြားလာပါက ဤနိုင်ငံကို မြန်မာနိုင်ငံဟူ၍ ခေါ်တွင်အုံးမလား။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်လူဦးရေ အများဆုံးနိုင်ငံကြီးနှစ်နိုင်ငံ အကြားတွင် တည်ရှိနေသည်။ မြန်မာနိုင်ငံတွင် အခြေစိုက် လာရောက်နေထိုင်သူများမှာ ဥရောပနိုင်ငံများမှ မဟုတ်ဘဲ အိမ်နီးနားချင်းနိုင်ငံများမှဖြစ်ကြသည်။ ယနေ့ မြန်မာနိုင်ငံတွင်ရှိနှင့်ပြီးသော တိုင်းတပါးသားများမှာ နိုင်ငံသားဖြစ်လာမည့်သူများဖြစ်သည်။ ယခု ရှိနေပြီးသူများကို ထားပေအုံးတော့၊ နောက်ထပ်မလာနိုင်အောင်၊ စိမ့်မဝင်နိုင်အောင် စနစ်တကျ တားဆီးသင့်သည်၊ အပြစ်ပေးသင့်သည်။ သို့မဟုတ်ပါက အမျိုးမစစ်ပဲ သွေးနှောဖန်များ လာသောအခါ မြန်မာနိုင်ငံ မြန်မာလူမျိုးဟူ၍ လက်ညှိးထိုးစရာ ရှိနိုင်တော့မည်မဟုတ်။ အနာဂါတ်နိုင်ငံတော်၏ အရေးကို အထူးအလေးနက် ထားသင့်ပေသည်။
          နိုင်ငံ၏တံခါးပေါက်ဖြစ်သော နယ်စပ်ဒေသများတွင် နေထိုင်သူများ၊ တာဝန်ရှိသူများ ပြည်သူ့ဝန်ထမ်းများက မိမိတစ်ဦးတည်း ကိုယ်ကျိုးကို ရှေ့ရှုလျက် ငွေမျက်နှာ တစ်ခုတည်းကို မကြည့်သင့်၊ တာဝန်ရှိသူများကလည်း အဆင့်ဆင့်စိစစ်ပြီးမှ နိုင်ငံတော်သစ္စာဖောက်မှုအလား ထိရောက်စွာ အရေးယူ အပြစ်ပေးသင့်သည်။ တိုင်းတပါးသားများလူဝင်လူထွက်ပြဿနာမှာ နောင်တစ်ချိန်တွင် နိုင်ငံရေးနှင့် လူမျိုးရေးပြဿနာဖြစ်လာပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။ အမျိုးစစ်မှ အမျိုးချစ်မည်။ အမျိုးချစ်မှ အဘိုးတန်သည်။ အဘိုးတန်မှ လူမျိုးမှန်မည်၊ လူမျိုးမှန်မှ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိမည် ဖြစ်သည်။ ရှေးခေတ်မြန်မာများ တာဝန်ကျေခဲ့သည်။ နိုင်ငံတော်ကို သစ္စာမဖောက် လူမျိုးသိက္ခာကို ထိန်သိမ်းကာ အမိနိုင်ငံကိုကာကွယ်ခဲ့ကြသည်။ ယခုတို့ခေတ်ကျမှ သိက္ခာမရှိ သစ္စာမဲ့စွာ မပြုသင့် တို့ခေတ်ကျမှ ညံ့ကြတော့မည်လား သမိုင်း၏ တရားခံအဖြစ် ရာဇဝင်ရိုင်းကြတော့မည်လား။
          ပြည်ထောင်စု တိုင်းရင်းသားလူမျိုးစု အသီးသီးတို့ကလည်း မိမိတို့နိုင်ငံ မိမိတို့လူမျိုးသမိုင်းကြောင်း ကို သိပါမှ ဇာတိမာန်နိုးကြားလာပေမည်။ သမိုင်းဖြစ်ရပ်မှန်ကို၊ သမိုင်းကို အမှန်အတိုင်းမဖော်ထုတ်ပါက တိုင်းရင်းသားလူမျိုးစုအချို့မှာ အလိုလိုသိမ်ငယ်ပြီး စိတ်ဓါတ်ကျဆင်းစေနိုင်ပါသည်။ တိုင်းရင်းသားလူမျိုးစု သမိုင်းမှာလည်း မြန်မာနိုင်ငံ၏ သမိုင်းပင် မဟုတ်ပါလော။ မျိုးချစ်စိတ်တည်းဟူသော ကိုယ်ခံအားကျဆင်း ပါက တိုင်းတပါးကို အထင်ကြီးစိတ်ဝင်ပြီး မြန်မာလူမျိုးပျောက်ကွယ်မည်မှာ ဧကန်မလွဲပါ။ နိုင်ငံ၏ အားနည်းချက်ကို စောင့်ကြည့်နေသော ခေတ်သစ်နယ်ချဲ့တို့က သွေးကွဲအောင်လှုံဆော်ပြီး ပြည်ထောင်စုကြီး ပြိုကွဲအောင် ဖြိုခွင်းနိုင်ပေသည်။ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းတပါးသားများမှာလည်း ဘဝရပ်တည်ရေးနှင့် ဝမ်းရေးအတွက် လာရောက်အခြေချနေထိုင်လာခဲ့ရာ ဤနိုင်ငံ၏ ကျေးဇူးသစ္စာကို စောင့်သိရပေမည်။ ဤမြေတွင်နေ ဤမြေကိုမှီခိုပြီးမှ ကြီးပွါးချမ်းသာကြရာ ဤနိုင်ငံ၏ကျေးဇူးကိုမမေ့သင့်၊ မြေကြီး၏တန်ဖိုးကို နားလည်သင့်သည်။
          မြန်မာရာဇဝင်အဆိုအရ ပျူ ကမ်းယံ သက်လူမျိုးတို့မှာ မြန်မာနိုင်ငံသို့ အစောဆုံး ဝင်ရောက် နေထိုင်သူများဖြစ်ကြသည်ဟုဆိုသည်။ သရေခေတ္တရာပျက်သုန်းချိန်တွင် လူမျိုးစုအချင်းချင်းစစ်တိုက်ကြ၍ ပျူ ကမ်းယံ သက်တို့ တစ်စုစီကွဲခဲ့ကြကြောင်း မှတ်သားရသည်။ ပျူနှင့် ကမ်းယံလူမျိုးမှာ လုံးဝပျောက်ကွယ် နေပြီး ရှေးဟောင်းမြန်မာအနွယ်များအဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့သည်။ သက်လူမျိုးမှာ ယနေ့တိုင် ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိနေဆဲဖြစ်ရာ လူမျိုးသမိုင်းအရ  သက်တမ်းအရင်းဆုံးလူမျိုးဆိုပါက မှားနိုင်မည်မထင်။ မြုံလူမျိုးမှာလည်း ပျူ ကမ်းယံ သက်လူမျိုးတို့နှင့်အတူ ခေတ်ပြုင်ထွန်းကားခဲ့သည်။ ရာဇဝင်သမိုင်းတွင်ဖေါ်ပြခြင်းခံရသော မြုံလူမျိုးမှာ တိမ်ကောပျောက်ကွယ်နေပြီဟု ထင်ရသော်လည်း ယနေ့တိုင် ရှိဆဲဖြစ်သည်။ ရာဇဝင်တွင်ပါရှိသော မြုံလူမျိုးမှာ မိမိလူမျိုး သမိုင်းကြောင်းကို မသိခဲ့ကြသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်သည်။
          မြုံလူမျိုးကိုရှာပုံတော်မဖွင့်မီ ပျူ ကမ်းယံ သက်လူမျိုးတို့၏ အမည်ခေါ်တွင်ပုံနှင့် ရေးထုံးကို လေ့လာတင်ပြပါမည်။ မြန်မာစာတွင် အရေးနှင့် အပြောဟူ၍ နှစ်မျိုးရှိသည်။ သတ်ပုံအရေးအသားနှင့် ပတ်သက်၍ ရေးတော့အမှန်၊ ဖတ်တော့အသံ ဟူ၍လည်းကောင်း၊ ရရစ်မနိုင် ရခိုင်နှင့်ညှိ ဟူ၍လည်းကောင်း ဆိုစကားရှိသည်။ ရခိုင်လူမျိုးမှာ ရရစ်နှင့် ယပင့်ကို အသံကွဲပြားစွာထွက်သည်။ ထိုနည်း အတူ ရကောက်နှင့်ယပက်လက်ကိုလည်းပီသစွာထွက်ဆိုကြသည်။ မြန်မာစကားတွင် ပင့်ရစ်နှင့် ယပက်လက် ရကောက်တို့ကို ကွဲပြားစွာမထွက်ပဲ အသံအတူတူထွက်ကြသည်။ မြန်မာစာအရေးအသားတွင် အသံထွက်အတိုင်းရေးသားကြရာမှ ရေးထုံးများပြောင်းလဲလာသည်လည်း ရှိနိုင်ပေသည်။ ရာဇဝင်များတွင် ပျူလူမျိုးကို ပြူဟူ၍ ရေးသားထားရာ အသံထွက်အတိုင်း ရေးထုံးပြောင်းလဲလာသည်ဟု ယူဆဖွယ်ရှိသည်။
                   တလိုင်းနှင့် ပြူ နှစ်ပြည်သူတို့                         (ခိုင်ဧ ၁၆)
                   တလိုင်းတစ်သိန်း၊ ပြူတစ်သိန်းနှင့်                   (ခိုင်ဧ ၁၆)
                   စောင်မဲငြူစူ၊ ကမ်းယံပြူတို့                           (ပလိပ်ဧ ၂၄)   
                   မနိုင်ကမ်းယံ၊ နောက်တရံကို၊ မခံပြူချင်း            (ပလိပ်ဧ ၂၄)
                   ပြူနှင့်သထုံ၊ ခုံသရဒံ၊ ကမ်းယံလူဝ                            (ပဉ္စဝုပျို့)
စသည်ဖြင့် ရေးသားထားသည်ကို လေ့လာနိုင်ပေသည်။ ပျူလူမျိုးကိုပြုပြင်အရေးအသားနှင့် ပတ်သက်၍ ရခိုင်မင်းသမိးဧချင်းတွင် အစောဆုံးတွေ့ရသည်။ မြုံလူမျိုးကို ရှာပုံတော်ဖွင့်သည့် အထောက်အထား များတွင်လည်းပြူလူမျိုးဟူ၍ စာလုံးပေါင်းသတ်ပုံကို တွေ့ရှိနိုင်ပေအုံးမည်။
          ပျူလူမျိုးမှာ မြန်မာတို့နှင့် ရောနှောနေထိုင်လာရာမှ လူမျိုးပျောက်ကွယ်ကာ မြန်မာအုပ်စုထဲတွင် ပါဝင်ခဲ့သည်ဟု ယူဆဖွယ်ရှိပါသည်။ ခရစ် ၁၅၁၀ ခုနှစ်တွင် ရွှေနန်းကြော့ရှင်နန်းတက်အခမ်းအနားတွင် ပျူလူမျိုး အမျိုးသမီးများပါဝင်ခဲ့ကြောင်း ရွှေနန်းကြော့ရှင်ကျောက်စာတွင် တွေ့ရသည်မှာ ပျူတို့အကြောင်း နောက်ဆုံးလောက်ပင်ဖြစ်သည်ဟု ဦးဘိုးလတ်ကရေးသားထားသည်။ ဒေါက်တာသန်းထွန်းကလည်း ပျူဆိုတဲ့အမည်ကို အေဒီ ၁၅၁၀ ပြည့်ကစပြီးနောက်ပိုင်းမတွေ့ရတော့ဘူး ဒါနောက်ဆုံးပါပဲဟု ဆိုပါသည်။
          ပျူလူမျိုးကိုခရစ် ၁၅၁၀ ပြည့်နှစ်နောက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ်တွင်တွေ့ရှိရကြောင်း မဟာပညာကျော်လျှောက်ထုံးတွင် တွေ့ရှိပြန်သည်။ ရခိုင်ဘုရင်မင်း ဖလောင်း (အေဒီ ၁၅၇၁-၁၅၉၁) လက်ထက်က မဟာပညာကျော်ကိုမေးရာ၌ စိုင်းဒင်းချောင်းရိုးစာ ငပေါင်တိုငယ်သည် အဘမှာပြူအမိသော် ကား ကုလားရောနှောသည့်သား သင်းဘိုးဘီလည်း မူမတ်မျိုး မဟုတ်သင့် ဘငနိုးသည် ကုလားပြည်ကိုသိမ်းတော်မူသောကာလတွင် အမှုထမ်းလိုကြောင်း လျှောက်သော် အပြန်တွင် ထမ်းရည်ကို ကြည့်(ထောက်) ရိုးစားအရာပေးတော်မူသည်၊ သင့်အဘအသုံးရသောကြောင့် သင့်ကိုကျေရွာပေးသည် သင့်ကိုမည်သို့ပြုရမည်နည်းဟု ပါရှိသည်။ ပျူလူမျိုးနှင့်ပါတ်သက်၍ သမိုင်းပညာရှင်များ၊ သုတေသီများက အကိုးအကားများစွာဖြင့် စာအုပ်စာတမ်းများကိုရေးသားခဲ့ပြီဖြစ်ရာ အကျယ်မချဲ့တော့ပါ။
          ကမ်းယံလူမျိုးကို မြန်မာအဘိဓာန်တွင် တိဗက်မြန်မာအုပ်စုဝင်ဘာသာစကားတစ်မျိုးကို ပြောသော ရှေးဟောင်းမြန်မာတိုင်းရင်းသားတစ်မျိုး(ရခိုင်ပြည်နယ်တွင်နေထိုင်ခဲ့သည်)ဟု ဖော်ပြထားသည်။ ဦးကြည် က ရခိုင်လူမျိုးများမှာ ကမ်းယံလူမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။ ဦးဘသန်းက ကမ်းယံတို့နေရပ်မှာ သံတွဲနှင့်တောင်စဉ်ခုနှစ်ခရိုင်ဖြစ်ကြောင်းရေးသားထားသည်။ တောင်စဉ်ခုနှစ်ခရိုင်နှင့် ပတ်သက်၍ တင်ပြရလျှင် ကျန်စစ်သားမင်းက သားတော်ရာဇကုမာရ မင်းသားကို ဓညဝတီနှင့် တောင်စဉ်ခုနှစ်ခရိုင်ကို ပေးကြောင်းမှတ်သားရသည်။ မှန်နန်းရာဇဝင်တွင် သံတွဲနှင့်တကွ မအီလမူစသော တောင်စဉ်ခုနှစ်ခရိုင်ကို ပေးတော်မူသည်ဟု ဖော်ပြထားသည်။ ဘိုးရာဇာလျှောက်ထုံးတွင် စကုမြို့တောင်စဉ်ခုနှစ်ခရိုင်ကို ပေး၍ ဟူ၍လည်းကောင်း၊ ဦးကြာထွန်းက ဖားအိုင်စေတုတ္တရာ စသည့်တောင်စဉ်ခုနှစ်ခရိုင်အထိ ယောနယ်ဟူ၍ လည်းကောင်း၊ တောင်ကုတ်မြို့ သိမ်တော်ဘုန်းကြီးကျောင်းကျောက်စာတွင် သာသနာပြုဆရာတော်ကြီးကို တောင်စဉ်ခုနှစ်ခရိုင်နှင့်သံတွဲကို ပတ်၍ ဟူ၍ ရေးသားထားသည်။ တောင်စဉ်ခုနှစ်ခရိုင်ဆိုသည်မှာ ရခိုင်ရိုးမ အရှေ့ဖက် စေတုတ္တရာမြို့မှစ၍ ရခိုင်ရိုးမအနောက်ဖက် ပင်လယ်ကမ်းခြေအထိ သံတွဲမြို့နယ်များ ပါဝင်ကြောင်းမှတ်ယူနိုင်သည်။ ဒေါက်တာထင်အောင်က ဝေးခေါင်ကြမ်းတမ်းသည့် နယ်စပ်၌ရှိသည့် တောင်စဉ်ခုနှစ်ခရိုင်ဘုရင်များမှာ ရှေးပဝေသဏီမြန်မာသမိုင်းအစမှ ခရစ် ၁၈၈၆ ခုနှစ်တိုင်အောင် ကျွှန်ုပ်တို့ ဘိုးဘေးများဖြစ်ကြသည်ဟု ရေးသားထားပါသည်။
          ကမ်းယံဟူသည့်စကားမှာလည်း မြန်မာစကားပင်ဖြစ်၍ ပင်လယ်ကမ်းပါး၍ ဝန်းရံလျက်ရှိသော တောင်တန်းတောင်ရိုးများကိုစွဲ၍ ဖြစ်ပေါ်လာဟန်တူသည်ဟူ၍ ဦးဘိုးလတ်ကဆိုသည်။ တက္ကသိုလ် စာပေးစာယူပို့ချချက်စာအုပ်တွင် လူမျိုးအသီးသီးတို့သည် ထူခြားသော ပထဝီအခြင်းအရာကို အကြောင်းပြ အမည်ရယူကြသည်၊ ရခိုင်တောင်ကမ်းခြေတစ်ဝိုက်တွင် နေထိုင်သူကို (ကမ်းယံ) ရှမ်းပြည်အင်းလေး တစ်ဝိုက်တွင် နေထိုင်သူကို (အင်းသား) ယောနယ်တောင်ကုန်းတောင်တန်းများတွင် နေထိုင်သူကို (တောင်သား) ကုလားတန်မြစ်ဖျားချောင်းဖျား၌ နေထိုင်သူကို (ချောင်းသား) သထုံတောင်ကုန်းများတွင် နေထိုင်သူကို (တောင်သူ) ဟူ၍ မျိုးအမည်များမှည့်ခေါ်ကြောင်းမှတ်သားရသည်။
          ကမ်းယံလူမျိုးကိုကျောက်စာများတွင် ကမ်းရံဟူ၍လည်းကောင်း၊ မြန်မာအသံထွက်အတိုင်း ရကောက်ကို ယပက်လက် အသံထွက်အတိုင်းရေးခဲ့၍ ရေးထုံးပြောင်းလဲလာသလားဟု စဉ်းစာဖွယ် ရှိပါသည် ကမ်းယံလူမျိုးကို ခရစ်နှစ် ၁၂၂၃ ခု ပုဂံမြို့ငှက်ပစ်တောင်ကုလားကျောင်း ကျောက်စာ ၃၄-၃၇ တွင် ကံရံကျွန် ကမ်းရံကျွန်ဟူ၍သတ်မှတ်ပုံနှစ်မျိုးဖြင့်ရေးသားထားသည်။ ခရစ်နှစ် ၁၂၃၉ ခု ပုဂံငါးစီးရှင်မိဘုရားကျောက်စာ ၂၅-၂၆ တွင်ကမ်းရံကျွန်ဟူ၍ရေးသားထားသည်။ မန္တလေး မဟာမြတ်မုနိ ဘုရားကြီး ကျောက်စာခရစ်နှစ် ၁၇၈၄ ခု ထိုးစာ ၂၈-၂၉ တွင် ကံးရမ်ဟူ၍ပါရှိရာ ကမ်းယံလူမျိုးကိုနောက်ဆုံး ရေးသားထားသည့်ကျောက်စာအထောက်အထားဖြစ်သည်။
          ကမ်းယံတို့နေရပ်နှင့်ပတ်သက်၍ ဆက်လက်တင်ပြရလျှင် သရေခေတ္တရာနောက်ဆုံးမင်း သုပညာနာဂရဆိန္နမင်းမှာ ကမ်းယံလူမျိုးတိုကသောင်းကျန်းရာ ကမ်းယံပြည်သို့စစ်ချီခဲ့သည်။ ကမ်းယံပြည် တွင် အလွန်ကြီးမားသော ဘုရားရုပ်ပွါးတော်ကြီးကို ကြည်ညိုလွန်းသဖြင့် ရုပ်ပွါးတော်ကို ဖောင်ဖြင့် နဂါးရစ် (မော်တင်စွန်း) မှလှည့်၍ ပင့်ဆောင်ရန်အမိန့်ချမှတ်သည်။ မူးမတ်ဗိုလ်ပါတို့မှာ ကမ်းယံပြည်တွင် သုံးနှစ်ကြာခဲ့ပြီဖြစ်၍ ငြီးငွေ့လာသဖြင့် ဘုရားကိုလည်းမပင့်လိုချေ။ သို့ဖြစ်ရာ ဘုရားရုပ်ထုတော်ကြီးကို ဥမင်တူးပြီး လဲလျောင်းစေသည်။ နောက်ပြီးမီးရှို့လိုက်သည်။ ရရှိလာသည့်ရွှေကို နှစ်ကျိပ်ရှစ်ဆူလုပ်ပြီး ဘုရင်ကိုဆက်သရာ အလိုမကျဖြစ်ခဲ့ရသည်။ ကျန်သည့်ရွှေကို မူးယစ်သောက်စားကြသည်။ ထိုအချိန်တွင် နေပြည်တော်အတွင်း သူခိုးဓါးပြများထူပြောပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေချိန်ဖြစ်ရာ မိန်းမကြီးတစ်ဦးက ငါ့စကောလာပြီဆိုရုံနှင့် သရေခေတ္တရာ ပျက်စီးရကြောင်း မှတ်သားရသည်။
          မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) တွင် အနောက်ရိုးမနှင့် ဘင်္ဂါးလားပင်လယ်အော်အကြားရှိ ပင်လယ် ကမ်းခြေအရပ်ဒေသတွင် နေထိုင်သူများကို ကမ်းယံဟုခေါ်သည်။ သက်နှင့်ကမ်းယံများကို ချင်းနှင့်ရခိုင် အုပ်စုတွင်လည်း ရေတွက်ကြသည်။ ကမ်းယံတို့နေထိုင်ရာဒေသမှာ သံတွဲမှစ၍ တောင်စဉ်ခုနှစ် ခရိုင်ဖြစ်ကြောင်း၊ သရေခေတ္တရာတွင် ပျူတို့ကောင်းစားစဉ် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ကမ်းယံတို့ရှိ ကြောင်း၊ ယင်းတို့မှာ ဗုဒ္ဓဝါဒီများဖြစ်ကြောင်း သိရသည်ဟု မှတ်သားရသည်။
  မြန်မာအဘိဓာန်တွင် သက်လူမျိုးတွင် တိဗက်မြန်မာအုပ်စုဝင်ဘာသာစကား တစ်မျိုးကို ပြောသော မြန်မာတိုင်းရင်းသားတစ်မျိုး (ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်ဒေသတို့တွင် အများအားဖြင့် နေထိုင်သည်) ဟူ၍ ဖော်ပြထားသည်။ သက်လူမျိုးမှာ သရေခေတ္တရာတွင်လည်းကောင်း၊ ပုဂံခေတ်တွင် လည်းကောင်း သက်လူမျိုးတို့ရှိကြောင်း ရာဇဝင်များကဆိုသည်။ ရခိုင်ရာဇဝင်အရ ရခိုင်နှင့်သက်လူမျိုးမှာ ဆက်နွယ်မှုရှိကြသည်။ သက်လူမျိုးမှာ မိမိကိုယ်မိမိ “အဆက်” ဟုခေါ်ရာမှ အဆက်မှ ဆက်၊ ဆက်မှ ဆတ် ဟူ၍ခေါ်ဆိုလာခဲ့ခြင်းဖြစ်တန်ရာသည်။ ဆက်ကိုရခိုင်လူမျိုးတို့က “ကသတ်” အသံပီပီသသရွတ်ဆို သော်လည်း၊ မြန်မာက “တသတ်” အသံထွက်ရာ၊ ဆက်မှ ဆတ် ဟုရေးထုံးပြောင်းလာနိုင်ပါသည်။ ဆတ် ဆိုသည်မှာ တိရိစ္ဆာန်ဟု လူသိများရာ ဖြစ်ရပ်များမှာ ဒဏ္ဍာရီဆန်နေသည်။ မြန်မာရာဇဝင်တွင် ဗေဒါရီ အမျိုး သမီးမှာ ရသေ့ကျင်ရေကို သမင်မသောက်ရာမှ မွေးဖွါးသူဖြစ်ကြောင်း ရာဇဝင်ကဆိုသည်။



 စိန်သာထွန်း (မြောက်ဦး)
ဦးစိန်သာထွန်း
၁၂/ဗဟန(နိုင်)၀၂၀၆၀၉
တိုက်-၂၁ (ဃ)၊ စံပယ်ရိပ်သာ
ကာကွယ်ရေးဝန်ကြီးဌါန
နေပြည်တော်

No comments :

Post a Comment