Saturday, March 9, 2013

မြိုခမိတိုင်းရင်းသားတို့၏ အပျိုလူပျိုဘဝနှင့် မင်္ဂလာဆောင်ခြင်း


အပျိုလူပျိုဘဝ

          …အလုံတွီဟြုံ မဟြုံဝိတဂါ။ ခပ်ပွီတွီဟြုံ မဟြုံဝိတဂါ။ တဟှာအူဒီ မခါအဖောင့် ဝိတဂါ။ မက်အုံနအွေအိုရ်။ မခိပ်နအွေအိုရ်…။

          အုံအင်း အုံအင်းနှင့် ကိုရွှေဖားတို့လည်း အော်မြည်နေကြပြီ။ ဂျိုးဂျိုး ဂျိမ်းဂျိမ်းနှင့် နဂါးပျိုမတို့လည်း မိုးသံကိုပေးနေကြပြီ။ သြော်…ရွက်ဟောင်းများကြွေ၍ ရွက်သစ်ဝေသော မိုးရာသီသို့ရောက်လာခဲ့ပေပြီ။ ခုနေခါများ ကိုယ့်ရပ်ဌာနေဆီသို့ မောင်တစ်ယောက်ပြန်ရတော့မည်။ ကိုယ်ချစ်ရသူနှင့် တဒင်္ဂခွဲနေရတော့မည်ပါလား အချစ်ရယ်..။

          ဟုတ်ပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် အမြင်အားဖြင့် ဘာသာစကား၊
ဝတ်စားဆင်ယင်မှုများ၊ ယဉ်ကျေးမှုများ ကွဲပြားခြားနားကြသော်လည်း ရသခံစားခြင်း၌ တူညီကြပါတကား။ ရခိုင်ပြည်ဖွါးတိုင်းရင်းသား မြိုခမိလူပျိုလေးများသည် တစ်မိုး၊ တစ်ဆောင်းလုံး လယ်ယာလုပ်ငန်းခွင်၌ ပင်ပန်းကြသလောက် လက်ပံငုံဖူးများ နီတျာတျာဖူးပွင့်ကြချိန်၊ ဆက်ရက်ငှက်များ မြူးပျော်ကြချိန်တွင် အလုပ်ခွင်မှအနားယူကာ မိမိတို့ မြိုခမိ ဒေသ တောတောင်၊ ချောင်း၊ မြောင်းဒေသကျေးရွာများ၌ တစ်ရွာဝင် တစ်ရွာထွက်ကာ နဖူးစာရွာလည်သွားလေ့ရှိကြပေသည်။

          ဤသို့ဖြင့် တစ်ရွာရွာတွင် အပျိုလူပျိုတို့ဘဝ ချစ်သူများရှိတတ်ကြသည်။ ဤသို့ဤနှယ် ချစ်သူတို့ဘဝ ပျော်၍မဆုံးခင် မိုးရာသီရောက်လာခဲ့ပေပြီ။ လုပ်ငန်းခွင်ဝင်ရောက်ကြရတော့မည်။ မတတ်သာ၍ ချစ်သူနှင့်ခွဲခွါရတော့မည်။ ဤအချိန်အခါတွင် မြိုခမိတိုင်းရင်းသားလူပျိုကလေး၏ နှလုံးသားမှ စာပေမတင်၊ အက္ခရာ မထင်ဘဲ အလွမ်းဘွဲ့ကဗျာများကို ရင်မှ ဖွင့်ဟဆိုခဲ့မိလေတော့သည်။

          မြိုခမိတိုင်းရင်းသား လူပျိုအပျိုဘဝသည် အလွတ်လပ်ဆုံး၊ အပျော်ဆုံးဖြစ်သည်။ အသက်အားဖြင့် ၁၆၊ ၁ရ နှစ်အရွယ်ဖြစ်သည်။ မြိုခမိလူပျိုလေးများသည် အိမ်များနှင့်ဆက်၍ ဆောက်ထားသော ဧည့်ခန်းကြီးများတွင် စု၍အိပ်ကြသည်။ အမျိုးသမီးများမှာ ၁၄၊ ၁၅ နှစ် အရွယ်တွင် အပျိုဖြစ်ပြီဟု ယေဘုယျအသိအမှတ်ပြုကြသည်။ မြိုခမိအပျိုလေးများသည် မိမိတို့သင့်ရာ သုံး၊ လေးယောက်စုပြီး အိပ်လေ့ရှိကြသည်။ အထူးသဖြင့် မုဆိုးမအိမ်တွင် သွားအိပ်ကြသည်။

          ညဥ့်ငှက်ကလေးများအိပ်သော တိပ်ဆိပ်ချိန်တွင် လူပျိုများသည် အပျိုများရှိရာအိမ်သို့ အပျိုလှည့်သွားကြသည်။ ဤသို့သွားရာ၌ မိမိတို့ညီအစ်ကိုဆွေမျိုးစု အပျိုဆိုလျှင်ရှောင်ကြသည်။ အာဂန္တုလူပျိုဆိုလျှင် ရွာလူပျိုကလေးများက အပျိုအိမ်သို့ မိတ်ဆက်ပို့ရသည်။ လူပျိုသည် တစ်ဦးတည်းဖြစ်စေ၊ နှစ်ဦးသုံးဦးဖြစ်စေ အပျိုအိမ်ပေါ်သို့တက်ပြီး တံခါးဝမှနေ၍ တေးကဗျာဖြင့် အသံပေးကာ ချစ်ရေးဆိုခွင့်တောင်းရလေသည်။

          အပျိုများကလည်း တံခါးကို ဖွင့်မပေးသေးဘဲ အမောင်တို့သည် အဘယ်ရွာကနည်း၊ အဘယ်အမျိုးအနွယ်ကနည်း စုံစမ်းရသည်။ အကယ်၍ မမှန်မကန်ပြောသူ၊ နောက်ပြောင်သူ၊ မရိုးသားသူဟု ယူဆလျှင် ခွင်မပြုကြချေ။ ထိုသို့ စုံစမ်းပြီးမှ တံခါးကို ဖွင့်ပေးပြီး လူပျိုလေးတို့အား နေရာပေးကြသည်။

          တီတင် (ခေါ်) ဝါးစောင်းကို အပျိုလူပျိုတို့ ရှေ့ဆိုင်ထိုင်ကာ အတိုင်အဖောက် စည်းချက်ညီညီနှင့် တီးခတ်ရင်း တေးကဗျာများကို အနက်ဖော်၍ အချီအချ ဆိုကြသည်။ တနည်းအားဖြင့် ချစ်ရေးဆိုကြသည်။ ဤသို့ တစ်ည နှစ်ည သုံးည စသည်ဖြင့်လူပျိုတို့က ဇွဲရှိရှိ ချစ်ရေးဆိုသောအခါ ချစ်သူတို့ဘဝသို့ရောက်လာကြသည်။

          ယင်းကဲ့သို့ ချစ်သူတို့ဘဝသို့ရောင်လာကြသောအခါ ပစ္စည်းလက်ဆောင် အချင်းချင်းဖလှယ်၍ သစ္စာဆိုခဲ့ကြသည်။ အချို့မှာ မိမိတို့ဆံပင်ကို နုတ်၍ အချင်းချင်းအပ်နှံကြသည်ဟုဆိုကြသည်။ မည်သို့ဆိုစေ မြိုခမိတိုင်းရင်းသားအပျိုလူပျိုဘဝမှာ သစ္စာရှိကြလေသည်။



အိမ်ထောင်ဖက်ရွေးချယ်ခြင်း

          မြိုခမိတိုင်းရင်းသားများတွင် တရားဝင် လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ အိမ်ထောင်ပြုခြင်း ထုံးစံမရှိချေ။ အချင်းချင်းမေတ္တာမျှ၍ဖြစ်စေ၊ လူကြီးမိဘချင်းသဘောတူစေ့စပ်၍ဖြစ်စေ တရားဝင်လက်ထပ်ထိမ်းမြားပေးလေ့ရှိ၏။ မိခင်၏ မောင်ဘွားသမီးတော်စပ်သူ သားအတွက်စေ့စပ်တောင်းဆိုလေ့ ရှိသည်။ (မြိုခမိတိုင်းရင်းသားတို့တွင် မောင်ဘွားတို့၏ သားက ညီမ၊ အစ်မတော်စပ်သူတို့၏ သမီးပျိုများကို ထိမ်းမြားခြင်း မပြုရချေ။) မည်သို့ဆိုစေ မြိုခမိအပျိုလူပျိုများသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည်။

          မိမိတို့ အချင်းချင်း မေတ္တာရှိက ယောကျာ်းလေးသည် မိဘဆွေမျိုးကို အသိပေး၍ တောင်းဆိုခိုင်းရသည်။ မိဘတို့ကလည်း လူငယ်တို့သဘောကို မေးမြန်းနားချပြီးမှ ဆောင်ရွက်လေ့ရှိကြသည်။ သို့သော် ညီအစ်ကိုဆွေမျိုးအုပ်စု အချင်းချင်းဖြစ်စေ၊ တူမတော်အုပ်စု ဖြစ်စေ ထုံးစံအရ သဘောမတူနိုင်ကြချေ။ အကယ်၍ လွန်ကျူးမိပါက မိန်းကလေးဘက်က မရမကဖျက်ယူကြသည်။ ဖျက်မရက ဆွေပြတ် မျိုးပြတ် ပြုကြသည်များ ရှိကြသည်။ သို့သော် ယခုခေတ်တွင်ကား မရှိကြတော့ချေ။

ချွေးမရှာသွားခြင်း

          ချွေးမရှာသွားရာ၌ သူငယ်ချင်းများနှင့် လူလတ်ပိုင်း အိမ်ထောင်ရှိသူ တစ်ဦး, ဦးကိုခေါ်ဆောင်သွားရသည်။ ဤသို့သွားရာ၌ ‘စုံ’ မသွားရပေ။ ‘စုံ’ သွားလျှင် ‘မ’ မရနိုင်ဘဲ ‘မ’ သွားလျှင် ‘စုံ’ ရနိုင်သည်ဟု အယူရှိကြသည်။ ကျေးရွာသို့ရောင်လျှင် မိမိတို့ဆွေမျိုး သို့မဟုတ် အသိမိတ်ဆွေအိမ်၌ တည်းခိုပြီး ရွာလူပျိုခေါင်းကို အကူအညီတောင်းရသည်။ ရွာလူပျိုခေါင်းကလည်း တော်စပ်သည့်အမျိုးအနွယ်မှ သမီးပျိုများကို  ပြပေးသည်။ ရွာလူပျိုခေါင်းက လမျိုးဓလေ့၊ ရွာဓလေ့ထုံစံအရ တာဝန်ကျေအောင်ဆောင်ရွက်ပေးသည်။ မိမိတို့စိတ်ကြိုက်မိန်းကလေးကိုတွေ့လျှင် အမူအကျင့်တို့ကို လေ့လာပြီး သက်ဆိုင်ရာမိဘများသို့ အသိပေးတောင်းဆိုရသည်။ မိန်းကလေး၏ဆန္ဒကိုလည်း အောင်သွယ်၍ မေးမြန်းရလေသည်။

          မိန်းကလေးကို ယောကျာ်းကလေးအိမ်သို့ ခေါ်ယူရာ၌ မိန်းကလေးသည် အော်ဟစ်ငိုကြွေးလေ့ရှိသည်။ ဤသည်မှာ သဘောမတူ၍ မဟုတ်ဘဲ မိဘအိမ်မှထွက်ခါနီး မျက်ရည်ကျမှ လင်သားအိမ်ရောက်သောအခါ ဆန်ရေစပါး ဥစ္စာရွှေငွေ ပေါများကြလိမ့်မည်ဟု အယူအဆရှိကြသည်။ အမှန်တွင် မိဘမောင်ဘွားများနှင့် မခွဲစဖူးခွဲရတော့မည်အသိဝင်၍ ဝမ်းနည်းရခြင်းဖြစ်ပေလိမ့်မည်။

အဘုံရွှီ

          မိန်းကလေးကို ယောကျာ်းအိမ်သို့ ခေါ်ဆောင်လာပြီး သုံးလေးရက်အကြာတွင် မိန်းကလေး၏ မိဘဆွေမျိုးများက သမီးကိုယူရန်သွားရသည်။ ၄င်းကို  ‘အဘုံရွှီ’ ဟုခေါ်သည်။

          အဘုံရွှီရန်အတွက် မိဘက အရင်းနှီးဆုံးဆွေမျိုး တစ်ဦး,ဦးကို အဆုံးအဖြတ်ပေး၍ အခြားနီးစပ်ရာတို့နှင့်သွားစေသည်။ သမက်ရှင်ဘက်မှ သမီးရှင်ကို အဘုံရွှီရန်လာသည့်အခါ ကျွေးမွေးဧည့်ခံရန် ကြက်ငှက်နှင့် ခေါင်ရည်အရက်တို့ကို အဆင်သင့်ထားရသည်။ ချွေးမအသွင်းအတွက် ငွေဒင်္ဂါး၊ ကြေးမောင်း၊ ဟင်းရံ (တူရိယာတစ်မျိုး)၊ ဓား၊ လှံ၊ တောင်နွား စသည်တို့ကို စုဆောင်းထားရသည်။ ယခုခေတ်တွင်ကား ပစ္စည်းများရှားပါးပြီဖြစ်၍ ငွေဒင်္ဂါးအစား ငွေစက္ကူများကို တန်ဖိုးကိုက်၍ ပေးကြရသည်။

          အသွင်းငွေများ အားလုံးကို စုံစုံလင်လင် မပေးနိုင်သော်လည်း နှစ်ချို့တစ်ချို့ကို မင်္ဂလာနေ့တွင် ပေးရသည်။ ကျန်သောအသွင်းငွေများကို ကာယကံရှင် ဇနီးမောင်နှံက တဖြည်းဖြည်းပေးဆောင်ကလည်း ရသည်။ အကယ်၍ ဇနီးမောင်နှံသည် အသွင်းငွေကို စုံစုံလင်လင် မပေးနိုင်သည့်အကြားက သေဆုံးခဲ့လျှင် ကျန်ရစ်သူ သားစဉ်မြေးဆက် ပေးကြရသည်။ သားသမီးများမကျန်ခဲ့လျှင် အမွေဆက်ခံသူက ပေးရသည်။

          ထိုအသွင်းငွေအပြင် ချွေးမ၏ ဦးရီးတော်သူကို ‘အဘေကဒင်’ ခေါ် အသွင်းငွေအဖြစ် နွားတစ်ကောင် သို့မဟုတ် ငွေဒင်္ဂါး ၃၀ ကို ပေးရသည်။ အကယ်၍ မိဘများသေဆုံးသည့် နောက်ပိုင်းတွင် မိဘများကိုယ်စား အရေးတယူ  ကြည့်ရှုစောင်မရန် ဖြစ်သည်။

          အသွင်းငွေကိစ္စကို အဘုံရွှီမင်္ဂလာတွင် မစားမသောက်မီ ဆွေးနွေးကြရလေသည်။ နှစ်ဦးနှစ်ဖက် ပြေလည်ပြီးမှသာလျှင် ပွဲတော်ကိုကျင်းပကာ စားသောက်ကြသည်။ အကယ်၍ မပြေလည်က သမီးကိုခေါ်ယူပြီး ပြန်သွားကြသည်။ မင်္ဂလာပွဲလည်း မကျတော့ချေ။

မင်္ဂလာပွဲစာခြင်း

          သမီးရှင်နှင့် သမက်ရှင်တို့ ပြေလည်ကြသည်နှင့် ချက်ချင်းခေါင်ရည်ဖွင့်ကာ သောက်စားကြသည်။ ထမင်းဝိုင်းပြင်သည့် အခါ ဧည့်သည်များကို ဦးစွာကျွေးမွေးရသည်။ သားရှင်တို့က ဝက်သားစားရပြီး သမီးရှင်တို့က ကြက်သားစားကြရသည်။ ရောနှောစားမိက အမှားခံပြီး လျော်ကြေးပေးရသည်။

          မင်္ဂလာဆောင်ပွဲတွင် ရွာသားများက ‘လောင်ကက်’ ခေါ် သစ်သားဗန်းကြီးများဖြင့် ထမင်းလာပို့ကြသည်။ အိမ်တစ်အိမ်မှ ကြက်တစ်ကောင် အရက်တစ်ပုလင်းစီ လာရောက်ကုညီကြသည်။

          ဤသည်မှာ မြိုခမိတိုင်းရင်းသားတို့၏ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီတတ်သော ဓလေ့ဖြစ်သည်။ ထမင်းကို နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နှင့် ညနေစာတစ်ကြိမ် စသည်ဖြင့် တစ်နေ့ သုံးကြိမ် ကျွေးမွေးကြသည်။

အဘုံလာ

          မိန်းကလေးမိဘများမှ ‘အဘုံရွှီ’  မင်္ဂလာပွဲပြုလုပ်ပြီး ချွေးမဖြစ်သူကိုအိမ်သို့ ပြန်ခေါ်သွားသည်။ ဤသို့ ပြန်ခေါ်သွားရခြင်းမှာ သမီးကို ပေးသင့်ပေးထိုက်သော ပစ္စည်းများကို အမွေပေးရန်နှင့် သမက်ရှင်ဆွေမျိုးတို့အား မိမိတို့က တဖန်ပြန်လည်ဧည့်ခံကျွေးမွေးရန် ဖြစ်လေသည်။ ထိုသို့ ချွေးမဖြစ်သူအား မိဘတို့ခေါ်သွားပြီး လေးငါးရက်အကြာတွင် ယောကျာ်း ဖြစ်သူက ဇနီးဖြစ်သူအား ခေါ်ယူရန် ဆွေမျိုးအပေါင်းအသင်းတို့အား ဖိတ်ခေါ်၍ လာကြသည်။ ၄င်းကို ‘အဘုံလာ’  ဟုခေါ်သည်။

          အဘုံလာ သွားရာ၌ သမက်ဖြစ်သူက ယောက္ခမအတွက် ခေါင်ရည်ငင်ပြီး ယူသွားရသည်။ ယခုခေတ်တွင် အချို့က နို့ဆီများ ယူဆောင်သွားကြသည်။ ငယ်စဉ်တောင်ကျေးက တိုက်ကျွေးသော မိခင်နို့ရည်ကို ပေးဆပ်ခြင်းအဓိပ္ပါယ်ဟု ဆိုကြသည်။ ပေးရန်ကျန်သော အသွင်းငွေနှင့် ကြက်များကိုလည်း ယူသွားရသည်။ ကြက်များကို ယောက္ခမဆွေမျိုး ညီအစ်ကိုများကို တစ်ကောင်စီ အသေသတ်၍ ပို့ကြရသည်။

          ယောက္ခမအိမ်သို့ ရောက်သောအခါ ယောက္ခမက သမက်ဆွေမျိုးများနှင့် မိမိတို့ဆွေမျိုးသားသမီးများကို မိတ်ဆက်ပေးသည်။ သမီးနှင့် သမက်အတွက် မိမိတို့ကိုတိုင်ရက်သော ‘ပဂျင်း’  ခေါ် မြိုခမိ စောင်ထူကြီးကို ငါးထည်မှ ခုနှစ်ထည်ကိုလည်းကောင်း၊ ‘အိမ်လိုင်း’ ခေါ် ရင်ခံများကိုလည်းကောင်း၊ ‘အိမ်နက်’ ခေါ်ထဘီများကိုလည်းကောင်း လက်ဖွဲ့ပေးကြသည်။ တချို့တတ်နိုင်သောသူတို့က သမီးနှင့် သမက်တို့အတွက် ကျွဲ၊ နွားများကို အမွေပေးကြသည်။

          ‘အဘုံလာ’ မင်္ဂလာပွဲအပြီး ပြန်ကြမည့် နံနက်တွင် သမီးသမက်တို့အတွက် ‘အောက်လာ’ ခေါ် စွယ်စုံဝက်ကောင်ကြီးကြီးကို သတ်၍ ထက်ဝက်ကိုချက်ပြုတ်ကျွေးမွေးပြီး ထက်ဝက်ကိုအိမ်ပြန်လက်ဆောင် ထည့်ပေးလေသည်။

          ဤသို့ဖြင့် မြိုခမိတိုင်းရင်းသားတို့ မင်္ဂလာဆောင်သည် အလွယ်တကူမပြီးမြောက်နိုင်သကဲ့သို့ လင်မယားကွာရှင်းရန်လည်း လွယ်လွယ်တော့မရချေ။ တစ်လင်တစ်မယား ရာသက်ပန် ခိုင်မြဲကြသည်ကများပါသည်။

                                                                                      ထင်းအောင် (ကျောက်တော်)
မုနိမြေမဂ္ဂဇင်းအမှတ် (၈) ပြန်လည်ဖော်ပြသည်။



No comments :

Post a Comment